Psalms 47
47:1 လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ရွှင်လန်းစွာကြွေးကြော်သောအသံဖြင့် ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
47:2 အကြောင်းမူကား အမြင့်ဆုံးသောအရှင် ထာဝရဘုရားသည် အံ့ဩဖွယ်အရှင်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအုပ်စိုးသော ကြီးမြတ်သည့်ရှင်ဘုရင်ဖြစ်တော်မူ၏။
47:3 ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊ တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။
47:4 ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။
47:5 ဘုရားသခင်သည် ဝမ်းမြောက်စွာကြွေးကြော်သော အသံနှင့် တက်သွားတော်မူ၏။ ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့် တက်သွားတော်မူ၏။
47:6 ဘုရားသခင်ကို သီဆိုချီးမွမ်းကြလော့။ သီဆိုချီးမွမ်းကြလော့။ ငါတို့၏ရှင်ဘုရင်ကို သီဆိုချီးမွမ်းကြလော့။ သီဆိုချီးမွမ်းကြလော့။
47:7 အကြောင်းမူကား ဘုရားသခင်သည် ကမ္ဘာမြေတစ်ခွင်လုံး၏ရှင်ဘုရင်ဖြစ်တော်မူ၏။ အလိမ္မာသီချင်းဖြင့် သီဆိုချီးမွမ်းကြလော့။
47:8 ဘုရားသခင်သည် လူမျိုးတကာတို့ကိုစိုးစံတော်မူ၏။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသော ပလ္လင်တော်ပေါ်၌ထိုင်တော်မူ၏။
47:9 လူမျိုးတကာတို့၏မင်းအရာရှိတို့သည် အာဗြဟံ၏ဘုရားသခင်ပိုင်တော်မူသော လူမျိုးတော်အဖြစ် စုဝေးလာကြ၏။ အကြောင်းမူကား ကမ္ဘာမြေကြီး၏ဒိုင်းလွှားတို့ကို ဘုရားသခင်ပိုင်တော်မူ၏။ ကိုယ်တော်သည် ချီးမြှောက်ခြင်းကို အထူးခံရတော်မူ၏။