Psalms 58
58:1 အို အားကြီးသောသူတို့၊ အကယ်စင်စစ် သင်တို့သည် ဖြောင့်မတ်စွာပြောဆိုကြသလော။ လူသားတို့ကို သမာသမတ်ရှိစွာ တရားစီရင်ကြသလော။
58:2 သင်တို့သည် ထိုသို့မပြုဘဲ မတရားမှုများကို စိတ်နှလုံးထဲ၌ ကျင့်ကြံ၍ သင်တို့လက်၏ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာမြေကြီးပေါ်တွင် ချိန်တွယ်ဖြန့်ဝေကြ၏။
58:3 ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် ဖောက်ပြန်သောသဘောရှိကြ၏။ သူတို့သည် မွေးစကပင် လမ်းလွဲ၍ လိမ်လည်ပြောဆိုတတ်ကြ၏။
58:4 သူတို့၏အဆိပ်သည် မြွေ၏အဆိပ်နှင့်တူ၏။ သူတို့သည် ဂါထာမန္တန်ကို ကျွမ်းကျင်စွာမန်းမှုတ်တတ်သော အလမ္ပာယ်ဆရာ၏အသံကိုမကြားအောင် မိမိနားကိုပိတ်ထားသည့် နားမကြားသော မြွေဟောက်နှင့်တူကြ၏။
58:6 အို ဘုရားသခင်၊ သူတို့ပါးစပ်ထဲမှ သူတို့၏သွားကို ချိုးပစ်တော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏အစွယ်များကို ချိုးတော်မူပါ။
58:7 သူတို့သည် စီးသွားသောရေကဲ့သို့ ပျောက်ကွယ်သွားကြပါစေ။ လေးကိုတင်သောအခါ မြားတို့သည် မြားဦးကျိုးသကဲ့သို့ဖြစ်ကြပါစေ။
58:8 သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
58:9 ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
58:10 ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။ သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။
58:11 ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။