Library · my

Psalms 59

59:1 အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရန်သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​၏​ဘေး​မှ အကျွန်ုပ်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​ပါ​။ 59:2 အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​ထံမှ အကျွန်ုပ်​ကို​ကယ်နုတ်​၍ သွေးဆာ​သော​သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ 59:3 အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ချောင်းမြောင်း​ကြ​ပါ​၏​။ ခွန်အားကြီး​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ပူးပေါင်းကြံစည်​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​ကြောင့် မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​အပြစ်​ကြောင့်​လည်း​မ​ဟုတ်​ပါ​။ 59:4 အကျွန်ုပ်​၌ ဒုစရိုက်​မ​ရှိ​ဘဲ​လျက် သူ​တို့​သည် ပြေးလာ​၍ အသင့်ပြင်​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​မစ​ရန် နိုးကြွ​၍​ကြည့်ရှု​တော်မူ​ပါ​။ 59:5 ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဖြစ်​ပါ​၏​။ လူမျိုး​အပေါင်း​တို့​ကို​ဒဏ်ခတ်​ရန် ထ​တော်မူ​ပါ​။ သစ္စာမဲ့​သော​ယုတ်ညံ့​သူ​တစ်စုံတစ်ဦး​ကို​မျှ သနား​တော်​မ​မူ​ပါ​နှင့်​။ 59:6 သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​၍ ခွေး​ကဲ့သို့ မာန်ဖီဟိန်းဟောက်​လျက် မြို့​ကို​လှည့်ပတ်​ကြ​ပါ​၏​။ 59:7 သူ​တို့​သည် မိမိ​တို့​ပါးစပ်​ဖြင့် မြွက်ဟ​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​၌ ဓား​များ​ရှိ​ပါ​၏​။ သူ​တို့​က “​မည်သူ​ကြား​သနည်း​”​ဟု ဆို​ကြ​ပါ​၏​။ 59:8 သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​ရယ်မော​တော်မူ​၏​။ လူမျိုး​အပေါင်း​တို့​ကို ပြက်ရယ်ပြု​တော်မူ​၏​။ 59:9 အို အကျွန်ုပ် ​၏​အစွမ်းသတ္တိ​၊ ကိုယ်တော်​ကို အကျွန်ုပ်​စောင့်စား​ပါ​၏​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ 59:10 အကျွန်ုပ်​၏​မေတ္တာကရုဏာ​ရှင် ဘုရားသခင်​သည် အကျွန်ုပ်​ကို​ကြိုဆို​တော်မူ​လိမ့်မည်​။ ဘုရားသခင်​သည် အကျွန်ုပ်​အား ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​။ 59:11 ထို​သူ​တို့​ကို​သတ်​တော်​မ​မူ​ပါ​နှင့်​။ သတ်​လျှင် အကျွန်ုပ်​၏​လူမျိုး​တို့​သည် မေ့လျော့​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​တန်ခိုး​တော်​အားဖြင့် သူ​တို့​ကို​လှည့်လည်​သွားလာ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​သော​ဘုရားရှင်​၊ သူ​တို့​ကို​နိမ့်ကျ​စေ​တော်မူ​ပါ​။ 59:12 သူ​တို့​နှုတ်​၏​အပြစ်​နှင့် သူ​တို့​နှုတ်ထွက်​စကား​ကြောင့်​လည်းကောင်း​၊ သူ​တို့​ရေရွတ်​သော ကျိန်ဆဲစကား​နှင့်​မုသားစကား​ကြောင့်​လည်းကောင်း သူ​တို့​သည် မိမိ​တို့​၏​မာနကြီး​ခြင်း​ထဲ၌ ကျော့မိ​ကြ​ပါစေ​။ 59:13 သူ​တို့​ကို အမျက်ဒေါသ​ဖြင့် အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ သူ​တို့​မ​ရှိ​တော့​သည်​အထိ အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ ထိုအခါ ဘုရားသခင်​သည် ယာကုပ်​မှစ၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် အုပ်စိုး​တော်မူ​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။ 59:14 သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​လျက် ခွေး​ကဲ့သို့​မာန်ဖီဟိန်းဟောက်​ကာ မြို့​အနှံ့​လှည့်လည်​ကြ​ပါ​၏​။ 59:15 သူ​တို့​သည် အစာ​အတွက်​လှည့်လည်​သွားလာ​ကြ​ပြီး အစာ​မ​ဝ​ပါက အော်မြည်​ကြ​ပါ​၏​။ 59:16 အကျွန်ုပ်​မူကား ကိုယ်တော်​၏ အစွမ်းသတ္တိ​အကြောင်း​ကို သီကျူး​ပါ​မည်​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို ရွှင်လန်း​စွာ​ကြွေးကြော်​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဘေးဥပဒ်​နှင့်​ကြုံတွေ့​ရ​သော​အချိန်​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​နှင့် ဘေးလွတ်​ရာ​ဖြစ်​တော်မူ​၏​။ 59:17 အို အကျွန်ုပ်​၏​အစွမ်းသတ္တိ​၊ ကိုယ်တော်​ကို အကျွန်ုပ်​သီဆိုချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​၏​မေတ္တာကရုဏာ​ရှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။