Psalms 72
72:1 အို ဘုရားသခင်၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို ရှင်ဘုရင်အားလည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရှင်ဘုရင်၏သားတော်အားလည်းကောင်း ပေးတော်မူပါ။
72:2 ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။
72:3 တောင်များသည်ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ တောင်ကုန်းများသည် ဖြောင့်မတ်ခြင်းကိုလည်းကောင်း လူမျိုးတော်ထံသို့ ယူဆောင်လာကြပါစေသော။
72:4 သူသည် လူမျိုးတော်ထဲမှ အဖိနှိပ်ခံရသောသူတို့အတွက် တရားစီရင်ပေး၍ နွမ်းပါးသောသူ၏သားသမီးများကို ကယ်တင်လျက် နှိပ်စက်သောသူတို့ကို နှိမ်နင်းပါစေသော။
72:5 နေနှင့်လတည်နေသရွေ့ လူတို့သည် ကိုယ်တော်ကို မျိုးဆက်အစဉ်အဆက်ကြောက်ရွံ့ကြပါစေသော။
72:6 ထိုမင်းသည် ရိတ်ထားသောမြက်ခင်းပေါ်တွင် ရွာသွန်းသည့် မိုးကဲ့သို့လည်းကောင်း၊ မြေကြီးကိုစိုစွတ်စေသည့် မိုးစက်မိုးပေါက်ကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
72:7 သူ၏လက်ထက်၌ ဖြောင့်မတ်သောသူသည် ကြီးပွား၍ လကွယ်ပျောက်သွားသည်အထိ ငြိမ်းချမ်းမှုအပြည့်ရှိပါစေသော။
72:8 သူသည် ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုတိုင်အောင်လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေအစွန်းတိုင်အောင်လည်းကောင်း အုပ်စိုးပါစေသော။
72:9 ကန္တာရ၌နေထိုင်သောလူမျိုးတို့သည် သူ့ရှေ့၌ညွတ်တွား၍ သူ၏ရန်သူတို့သည် မြေမှုန့်ကိုလျက်ကြရပါစေသော။
72:10 တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
72:11 ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
72:12 အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။
72:13 သူသည် ဆင်းရဲသောသူနှင့် နွမ်းပါးသောသူကို သနား၍ နွမ်းပါးသောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
72:14 သူသည် သူတို့၏အသက်ကို ဖိနှိပ်ခြယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ထဲမှ ရွေးနုတ်တော်မူလိမ့်မည်။ အကြောင်းမူကား သူ့အဖို့ သူတို့၏သွေးသည် တန်ဖိုးကြီးလှ၏။
72:15 သူသည် သက်တော်ရှည်ပါစေသော။ လူတို့သည် ရှေဘရွှေကို သူ့အားဆက်သ၍ သူ့အတွက် အစဉ်မပြတ်ဆုတောင်းပေးကာ သူ့ကိုတစ်နေ့လုံးကောင်းချီးပေးကြပါစေသော။
72:16 ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
72:17 သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
72:18 အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
72:19 ကိုယ်တော်၏ဘုန်းကြီးသောနာမတော်သည် အစဉ်အမြဲမင်္ဂလာရှိတော်မူပါစေသော။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေတော်နှင့်ပြည့်ပါစေသော။ အာမင်နှင့်အာမင်။
72:20 ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းချက်များပြီးဆုံး၏။