Psalms 73
73:1 အကယ်စင်စစ် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အပေါ်၊ စိတ်နှလုံးဖြူစင်သောသူတို့အပေါ် ကောင်းမြတ်တော်မူ၏။
73:2 သို့သော် ငါမူကား ခြေချော်လုမတတ်၊ ခြေလှမ်းလွဲလုမတတ်ဖြစ်ခဲ့၏။
73:3 အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
73:4 အကြောင်းမှာ ထိုသူတို့သည် သေသည့်အချိန်အထိ ဝေဒနာကို မခံစားကြရပေ။ သူတို့၏ကိုယ်ခန္ဓာသည်လည်း ဝဖြိုးလျက်ရှိ၏။
73:5 လူတို့ကြုံရသည့်အခက်အခဲပြဿနာမျိုး သူတို့၌မရှိ။ အခြားသောသူများကဲ့သို့ ထိပါးနှောင့်ယှက်ခြင်းကိုလည်း မခံရ။
73:6 ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။ ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
73:7 သူတို့၏မျက်စိသည် အဆီဖြင့်မို့မောက်လျက်ရှိ၏။ သူတို့၏စိတ်အာရုံသည် အထိန်းအကွပ်မဲ့လျက်ရှိ၏။
73:8 သူတို့သည် ပြက်ရယ်ပြု၍ ဆိုးညစ်စွာပြောဆိုတတ်ကြ၏။ ထောင်လွှားသောစိတ်ဖြင့် ဖိနှိပ်ချုပ်ချယ်မှုအကြောင်းကို ပြောဆိုတတ်ကြ၏။
73:9 သူတို့၏နှုတ်သည် ကောင်းကင်နှင့်ဆန့်ကျင်ဘက်ပြု၍ သူတို့၏လျှာသည်လည်း ကမ္ဘာမြေကြီးကို လှည့်လည်တတ်၏။
73:10 ထို့ကြောင့် ကိုယ်တော်၏လူမျိုးတော်တို့သည် သူတို့ဘက်သို့လှည့်သွား၍ သူတို့၏ချမ်းသာကြွယ်ဝခြင်းရေကို သောက်ကြ၏။
73:11 သူတို့က “ဘုရားသခင်သည် မည်သို့သိမည်နည်း။ အမြင့်ဆုံးသောအရှင်၌ အသိပညာရှိပါမည်လော”ဟု ဆိုတတ်ကြ၏။
73:12 ကြည့်ရှုလော့။ ဤသည်ကား အစဉ်အမြဲအေးချမ်းစွာနေရသည့် ဆိုးယုတ်သောသူတို့ပေတည်း။ သူတို့သည် ဥစ္စာပစ္စည်းတိုးပွားတတ်ကြ၏။
73:13 အကယ်စင်စစ် ငါသည် ငါ၏စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေ၍ ငါ၏လက်ကို အပြစ်ကင်းခြင်းထဲ၌ ဆေးကြောခဲ့သည်မှာ အချည်းနှီးသာဖြစ်၏။
73:14 ငါသည် ထိပါးနှောင့်ယှက်ခြင်းကို တစ်နေ့လုံးခံရ၏။ ဆိုဆုံးမခြင်းကိုလည်း နံနက်တိုင်းခံရ၏။
73:15 “ဤသို့ပြောဆိုမည်”ဟု အကျွန်ုပ်ဆိုခဲ့လျှင် ကိုယ်တော့်သားသမီးများ၏မျိုးဆက်အပေါ် သစ္စာဖောက်ရာရောက်ပါလိမ့်မည်။
73:16 ဤအမှုကိုနားလည်ရန် အကျွန်ုပ်စဉ်းစားသောအခါ အကျွန်ုပ်အမြင်၌ ခက်ခဲသောအမှုဖြစ်ပါ၏။
73:17 အကျွန်ုပ်သည် ဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သည့်အခါမှသာ သူတို့၏နိဂုံးကို သိရှိနားလည်ရပါ၏။
73:18 အကယ်စင်စစ် ကိုယ်တော်သည် ချောသောနေရာများတွင် သူတို့ကိုထား၍ ပျက်စီးဆိတ်သုဉ်းသောအရပ်သို့ သူတို့ကိုကျစေတော်မူ၏။
73:19 သူတို့သည် ချက်ချင်းပင် ကြီးစွာသောပျက်စီးခြင်းသို့ရောက်၍ ထိတ်လန့်ဖွယ်ရာများဖြင့် အကုန်အစင် ဖယ်ရှားခြင်းခံကြရပါသည်တကား။
73:20 အိပ်မက်မှ နိုးလာသကဲ့သို့ အို ဘုရားရှင်၊ ကိုယ်တော်နိုးတော်မူသောအခါ သူတို့၏ရုပ်သွင်ကို မေ့ပျောက်တော်မူလိမ့်မည်။
73:21 အကျွန်ုပ်၏စိတ်နှလုံးသည် မခံချိမခံသာဖြစ်၍ အကျွန်ုပ်၏အတွင်းသဘောသည် ထိုးဆွခြင်းခံရသောအခါ
73:22 အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။ ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
73:23 သို့သော် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်မပြတ်ရှိခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်ယာလက်ကို ကိုင်ထားတော်မူ၏။
73:24 ကိုယ်တော်၏အကြံဉာဏ်အားဖြင့် အကျွန်ုပ်ကိုရှေ့ဆောင်လမ်းပြတော်မူပြီးနောက် ဘုန်းအသရေတော်ထဲသို့ ခေါ်ဆောင်တော်မူလိမ့်မည်။
73:25 ကောင်းကင်ဘုံ၌ ကိုယ်တော်မှတစ်ပါး အကျွန်ုပ်တွင် မည်သူရှိသနည်း။ မြေကြီးပေါ်၌လည်း ကိုယ်တော်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ အကျွန်ုပ်အလိုမရှိပါ။
73:26 အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
73:27 အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးကွာသောသူတို့သည် ပျက်စီးကြရလိမ့်မည်။ ကိုယ်တော်အပေါ်သစ္စာမရှိ၊ ဖောက်ပြန်မှားယွင်းသောသူရှိသမျှတို့ကို ကိုယ်တော်သည် ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
73:28 အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။