Library · my

Psalms 77

77:1 ငါ​သည် ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​၍ အော်ဟစ်​တောင်းလျှောက်​၏​။ ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​သောအခါ ကိုယ်တော်​သည် ငါ့​ကို စူးစိုက်​နားထောင်​တော်မူ​၏​။ 77:2 ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ဘုရားရှင်​ကို​ငါ​ရှာ​၏​။ ညအချိန်​၌ ငါ​၏​လက်​တို့​ကို လက်ပန်း​မ​ကျ​စေ​ဘဲ ဆန့်တန်း​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် နှစ်သိမ့်ပေး​ခြင်း​ကို ငြင်းပယ်​၏​။ 77:3 ငါ​သည် ဘုရားသခင်​ကို​အောက်မေ့​၍ မငြိမ်မသက်​ဖြစ်​၏​။ ငါ​တွေးတောဆင်ခြင်​သောအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ညှိုးငယ်​၏​။ 77:4 ကိုယ်တော်​သည် အကျွန်ုပ်​၏​မျက်ခွံ​ကို မ​ပိတ်​နိုင်​အောင်​ကိုင်ထား​တော်မူ​၏​။ အကျွန်ုပ်​သည် မငြိမ်မသက်​ဖြစ်​၍ စကား​ပင်​မ​ပြော​နိုင်​ပါ​။ 77:5 ငါ​သည် လွန်ခဲ့သော​နေ့ရက်​များ​နှင့် ရှေးယခင်​နှစ်​များ​အကြောင်း​ကို စဉ်းစား​၏​။ 77:6 ညအခါ​၌ ငါ​၏​တေးသီချင်း​ကို​သတိရ​လျက် ငါ့​စိတ်နှလုံး​ထဲ၌ တွေးတောဆင်ခြင်​၏​။ ငါ​၏​ဝိညာဉ်​သည်​လည်း စူးစမ်း​သုံးသပ်​လျက်​နေ​၏​။ 77:7 ဘုရားရှင်​သည် အစဉ်အမြဲ​ငြင်းပယ်​တော်မူ​မည်လော​။ ကိုယ်တော်​သည် နောက်တစ်ဖန်​ထပ်၍ ကျေးဇူး​မ​ပြု​ဘဲ နေ​တော်မူ​မည်လော​။ 77:8 ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ထာဝရ​ကုန်ခန်း​သွား​ပြီ​လော​။ ကိုယ်တော်​၏​ကတိ​တော်​များ​သည် မျိုးဆက်​အစဉ်အဆက် ပျက်ပြား​သွား​ပြီ​လော​။ 77:9 ဘုရားသခင်​သည် သနား​ကြင်နာ​ရန် မေ့လျော့​တော်မူ​ပြီ​လော​။ သို့မဟုတ် အမျက်​တော်​ထွက်​၍ မိမိ​၏​သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်မူ​ပြီ​လော​။ 77:10 ထိုအခါ “​အမြင့်ဆုံး​သော​အရှင်​၏​လက်ယာ​လက်​တော်​သည် ပြောင်းလဲ​သွား​သဖြင့် ငါ​အားနည်း​ရ​ချေ​ပြီ​”​ဟု ငါ​ဆို​၏​။ 77:11 အကျွန်ုပ်​သည် ထာဝရဘုရား​၏ လုပ်ဆောင်​တော်မူ​ချက်​တို့​ကို အောက်မေ့​ပါ​မည်​။ ရှေးကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော အံ့ဖွယ်​သော​အမှု​တို့​ကို အမှန်ပင် အောက်မေ့​ပါ​မည်​။ 77:12 ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက် ရှိသမျှ​တို့​ကို​လည်း အကျွန်ုပ်​ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို​လည်း တွေးတောဆင်ခြင်​ပါ​မည်​။ 77:13 အို ဘုရားသခင်​၊ ကိုယ်တော်​၏​လမ်း​သည် သန့်ရှင်း​ပါ​၏​။ မည်သည့်​ဘုရား​သည် ဘုရားသခင်​ကဲ့သို့ ကြီးမြတ်​သနည်း​။ 77:14 ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို လူမျိုး​တကာ​တို့​အား သိမြင်​စေ​တော်မူ​ပြီ​။ 77:15 ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​တည်းဟူသော ယာကုပ်​နှင့်​ယောသပ်​၏​အမျိုးအနွယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​ရွေးနုတ်​တော်မူ​ပြီ​။ 77:16 အို ဘုရားသခင်​၊ ရေ​တို့​သည် ကိုယ်တော်​ကို​မြင်​ကြ​ပါ​၏​။ ရေ​တို့​သည် ကိုယ်တော်​ကို​မြင်​၍ တုန်လှုပ်​ကြ​ပါ​၏​။ နက်ရှိုင်း​သော​ရေထု​များ​သည်​လည်း လှုပ်ခတ်​ကြ​ပါ​၏​။ 77:17 တိမ်တိုက်​တို့​သည် ရေ​များ​ကို​သွန်းချ​၍ မိုးကောင်းကင်​တို့​သည် ထစ်ချုန်းသံ​ကို​ပေး​ကြ​ပါ​၏​။ ကိုယ်တော်​၏​မြား​တို့​သည်​လည်း အရပ်ရပ်​သို့​ရောက်​ကြ​ပါ​၏​။ 77:18 ကိုယ်တော်​၏​ထစ်ချုန်းသံ​သည် လေပွေ​၌​ပါ​၍ လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို​လင်းလက်​စေ​ပါ​၏​။ ကမ္ဘာမြေကြီး​သည် တုန်ခါ​လှုပ်ရမ်း​ပါ​၏​။ 77:19 ကိုယ်တော်​၏​လမ်း​သည် ပင်လယ်​ကို​ဖြတ်ကျော်​၍ ကိုယ်တော်​၏​လမ်းခရီး​သည် ကျယ်ဝန်း​သော​ရေပြင်​ကို ဖြတ်ကျော်​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ခြေရာ​တော်​တို့​ကို မ​သိ​မ​မြင်​ရ​ပါ​။ 77:20 ကိုယ်တော်​သည် မောရှေ​နှင့်​အာရုန်​တို့​လက်​ဖြင့် မိမိ​၏​လူမျိုး​တော်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​၏​။