Psalms 78
78:1 အို ငါ၏လူမျိုးတော်၊ ငါ၏တရားကို စူးစိုက်နားထောင်လော့။ ငါ၏နှုတ်ထွက်စကားတို့ကို နားစွင့်ကြလော့။
78:2 ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။
78:3 ထိုအရာတို့သည် ငါတို့ကြား၍ သိထားသောအရာများ၊ ငါတို့၏ဘိုးဘေးများက ငါတို့ကိုပြောပြသောအရာများဖြစ်ကြ၏။
78:4 ထိုအရာတို့ကို သူတို့၏သားသမီးများမသိအောင် ငါတို့ထိမ်ဝှက်ထားမည်မဟုတ်။ ငါတို့သည် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်များနှင့်တန်ခိုးတော်ကိုလည်းကောင်း၊ ကိုယ်တော်ပြုသော အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း လာမည့်မျိုးဆက်အား ပြောကြားမည်။
78:5 အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။
78:6 ဤသည်ကား လာမည့်မျိုးဆက်တည်းဟူသော နောင်မွေးဖွားလာမည့်သားသမီးတို့သည် ထိုအရာတို့ကိုသိမှတ်၍ သူတို့၏သားသမီးများကို လက်ဆင့်ကမ်းပြောပြနိုင်ရန်ဖြစ်၏။
78:7 ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
78:8 ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
78:9 လေးလက်နက်စွဲကိုင်သောဧဖရိမ်အမျိုးသားတို့သည် စစ်တိုက်သောနေ့တွင် နောက်ပြန်လှည့်ကြ၏။
78:10 သူတို့သည် ဘုရားသခင်၏ပဋိညာဉ်တော်ကို မစောင့်ထိန်းကြ။ တရားတော်အတိုင်းလျှောက်လှမ်းရန်လည်း ငြင်းဆန်ကြ၏။
78:11 ကိုယ်တော်ပြုတော်မူသောအမှုများနှင့် သူတို့အား ပြတော်မူသည့် ကိုယ်တော်၏အံ့ဖွယ်သောအမှုများကိုလည်း မေ့လျော့ကြ၏။
78:12 ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
78:13 ပင်လယ်ကိုခွဲ၍ သူတို့ကိုဖြတ်သွားစေတော်မူ၏။ ရေများကို တာတမံကဲ့သို့ မတ်မတ်တည်စေတော်မူ၏။
78:14 နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
78:15 တောကန္တာရထဲ၌ ကျောက်ဆောင်များကိုခွဲ၍ နက်ရှိုင်းသောသမုဒ္ဒရာမှရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူ၏။
78:16 ကျောက်ထဲမှ ရေစီးထွက်စေ၍ မြစ်ရေများကဲ့သို့ စီးဆင်းစေတော်မူ၏။
78:17 သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို ခြောက်သွေ့သောအရပ်တွင်ပုန်ကန်သောအားဖြင့် နောက်တစ်ဖန်ထပ်၍ ကိုယ်တော်ကိုပြစ်မှားကြ၏။
78:18 မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။
78:19 သူတို့က “ဘုရားသခင်သည် တောကန္တာရတွင် စားပွဲကိုတည်ခင်းနိုင်ပါမည်လော။
78:20 ကျောက်ဆောင်ကိုရိုက်သောအခါ ရေများစီးထွက်လာပါ၏။ စမ်းချောင်းများစီးဆင်းပါ၏။ သို့သော် မုန့်ကိုကား ပေးနိုင်ပါမည်လော။ မိမိလူမျိုးတော်အတွက် အသားကို ပြင်ဆင်ပေးနိုင်ပါမည်လော”ဟု ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုကြ၏။
78:21 ထို့ကြောင့် ထာဝရဘုရားသည် ထိုစကားကိုကြား၍ အမျက်ထွက်တော်မူ၏။ မီးသည် ယာကုပ်အမျိုးပေါ်၌ ထလောင်၍ အမျက်တော်သည်လည်း အစ္စရေးလူမျိုးအပေါ် သက်ရောက်လေ၏။
78:22 အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမယုံကြည်ကြ။ ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။
78:23 သို့သော် ကိုယ်တော်သည် အထက်အရပ်မှမိုးတိမ်တို့ကိုအမိန့်ပေး၍ ကောင်းကင်တံခါးတို့ကိုဖွင့်ကာ
78:24 သူတို့စားရန် မန္နမုန့်ကိုသူတို့အပေါ်ရွာကျစေပြီး ကောင်းကင်မှကောက်ပဲသီးနှံကို သူတို့အားပေးတော်မူ၏။
78:25 လူသည် ကောင်းကင်တမန်တို့၏မုန့်ကို စားခဲ့ရ၏။ ကိုယ်တော်သည် သူတို့အား စားနပ်ရိက္ခာကို ပြည့်စုံကြွယ်ဝစွာပို့ပေးတော်မူ၏။
78:26 ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။
78:27 ဤသို့ဖြင့် အသားကို မြေမှုန့်နှင့်အမျှ၊ တောင်ပံပါသောငှက်တို့ကို သမုဒ္ဒရာ၏သဲပွင့်နှင့်အမျှ သူတို့အပေါ်ရွာကျစေတော်မူပြီး
78:28 သူတို့၏စခန်းအတွင်းနှင့် သူတို့နေထိုင်ရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။
78:29 ထိုသို့ သူတို့၏အာသာဆန္ဒအတိုင်း သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ဝလင်စွာစားရကြ၏။
78:30 သို့သော် သူတို့၏အာသာဆန္ဒမပြေမီ သူတို့၏အစားအစာသည် သူတို့၏ပါးစပ်ထဲ၌ရှိစဉ်ပင်
78:31 ဘုရားသခင်၏အမျက်တော်သည် သူတို့အပေါ်သက်ရောက်သဖြင့် သူတို့ထဲမှ အကြံ့ခိုင်ဆုံးသောသူတို့ကို ကွပ်မျက်၍ အစ္စရေးလူပျိုတို့ကို လှဲချတော်မူ၏။
78:32 သူတို့သည် ဤအရာအားလုံးနှင့်ကြုံတွေ့ရသော်လည်း ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။
78:33 ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို အချည်းနှီးသောအဖြစ်၌လည်းကောင်း၊ သူတို့၏နှစ်ကာလများကို ထိတ်လန့်ခြင်း၌လည်းကောင်း ကုန်လွန်စေတော်မူ၏။
78:34 သူတို့ကို ကိုယ်တော်ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော်ကိုရှာကြ၏။ သူတို့သည် နောင်တရလျက် ဘုရားသခင်ကိုကြိုးစား၍ရှာကြ၏။
78:35 ဘုရားသခင်သည် သူတို့၏ကျောက်ဆောင်၊ သူတို့ကိုရွေးနုတ်တော်မူသည့် အမြင့်ဆုံးသောဘုရားသခင်ဖြစ်ကြောင်း သူတို့သတိရကြ၏။
78:36 သို့သော် သူတို့သည် မိမိတို့နှုတ်ဖြင့် ကိုယ်တော်ကိုမြှောက်ပင့်၍ မိမိတို့လျှာဖြင့် ကိုယ်တော်ကိုလိမ်လည်ကြ၏။
78:37 သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
78:38 သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
78:39 သူတို့သည် အသွေးအသားဖြစ်ကြောင်းနှင့် ထွက်ခွာသွားပြီးလျှင် ပြန်မလာတော့သည့်လေဖြစ်ကြောင်း ကိုယ်တော်အောက်မေ့တော်မူ၏။
78:40 သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
78:41 သူတို့သည် ဘုရားသခင်ကိုအကြိမ်ကြိမ်စမ်းသပ်လျက် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏စိတ်တော်ကို ဆွကြ၏။
78:42 သူတို့သည် ကိုယ်တော်၏ တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့ကိုရန်သူ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူရာနေ့ရက်တည်းဟူသော
78:43 အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။
78:44 ကိုယ်တော်သည် ထိုပြည်သားတို့၏မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍မရခဲ့ကြပေ။
78:45 ကိုယ်တော်သည် သူတို့ကိုဝါးမျိုမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။
78:46 သူတို့၏အသီးအနှံကို နှံကောင်တို့အားလည်းကောင်း၊ သူတို့လုပ်ဆောင်ရရှိသောအရာကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူ၏။
78:47 သူတို့၏စပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သင်္ဘောသဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။
78:48 သူတို့၏တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သိုးနွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။
78:49 ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို သူတို့ထံသို့စေလွှတ်တော်မူ၏။
78:50 ကိုယ်တော်သည် မိမိ၏အမျက်တော်ကို လမ်းဖွင့်ပေးလျက် သူတို့၏စိတ်ဝိညာဉ်ကို သေဘေးမှလွတ်ကင်းခွင့်မပေးဘဲ သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူ၏။
78:51 ဟာမ၏တဲများမှ ယောက်ျားအားမာန်၏အသီးဦးတည်းဟူသော အီဂျစ်ပြည်မှ သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
78:52 သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို သိုးများကဲ့သို့ထုတ်ဆောင်ပြီး တောကန္တာရထဲ၌ သူတို့ကို သိုးအုပ်ကဲ့သို့ ပို့ဆောင်တော်မူ၏။
78:53 ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာပို့ဆောင်တော်မူသဖြင့် သူတို့သည် မကြောက်ကြရပေ။ သို့သော် ပင်လယ်ရေသည် သူတို့၏ရန်သူများကို ဖုံးလွှမ်းခဲ့၏။
78:54 ဤသို့ဖြင့် ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောနယ်မြေသို့လည်းကောင်း၊ မိမိ၏လက်ယာလက်တော်ဖြင့်ရယူထားသော ဤတောင်သို့လည်းကောင်း သူတို့ကိုခေါ်ဆောင်တော်မူ၏။
78:55 ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
78:56 သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားသခင်ကို အကဲစမ်း၍ပုန်ကန်ကြ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ
78:57 မိမိတို့ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ လိမ်ကောက်သောလေးကဲ့သို့ အသုံးမကျသောသူများလည်းဖြစ်ကြ၏။
78:58 သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
78:59 ဘုရားသခင်သည် ကြားသိ၍ အမျက်ထွက်ကာ အစ္စရေးအမျိုးသားတို့ကို လုံးလုံးစွန့်ပယ်တော်မူ၏။
78:60 ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
78:61 ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
78:62 မိမိ၏လူမျိုးတော်ကိုလည်း ဓားဘေးသို့အပ်နှံ၍ မိမိ၏အမွေတော်ကို အမျက်ထွက်တော်မူ၏။
78:63 မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
78:64 ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ကျဆုံးကြ၍ ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။
78:65 ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ရာမှနိုးလာသောသူကဲ့သို့လည်းကောင်း၊ စပျစ်ဝိုင်အရှိန်ပြေသွားသော စစ်သူရဲကဲ့သို့လည်းကောင်း နိုးထတော်မူ၍
78:66 မိမိ၏ရန်သူတို့ကို ရိုက်ထုတ်တွန်းလှန်ကာ ထာဝရကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့အပေါ်သက်ရောက်စေတော်မူ၏။
78:67 ထို့နောက် ကိုယ်တော်သည် ယောသပ်၏တဲကိုစွန့်ပယ်၍ ဧဖရိမ်အမျိုးအနွယ်ကိုလည်း ရွေးချယ်တော်မမူဘဲ
78:68 ယုဒအမျိုးအနွယ်နှင့် မိမိချစ်တော်မူသောဇိအုန်တောင်ကို ရွေးချယ်တော်မူပြီး
78:69 မိမိ၏သန့်ရှင်းရာဌာနတော်ကို အထွတ်အထိပ်ကဲ့သို့လည်းကောင်း၊ အစဉ်အမြဲတည်စေတော်မူသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူ၏။
78:70 တစ်ဖန် မိမိ၏အစေအပါးဒါဝိဒ်ကိုရွေးချယ်ပြီး သူ့ကိုသိုးခြံများထဲမှခေါ်ယူတော်မူ၍
78:71 သားငယ်ရှိသောသိုးမများကိုထိန်းကျောင်းရာမှ မိမိ၏လူမျိုးတော်ဖြစ်သောယာကုပ်၊ မိမိ၏အမွေတော်ဖြစ်သောအစ္စရေးကို ထိန်းကျောင်းစေရန် သူ့ကိုခေါ်ဆောင်လာတော်မူ၏။
78:72 သူသည်လည်း တည်ကြည်သောစိတ်နှလုံးဖြင့် သူတို့ကိုထိန်းကျောင်း၍ ကျွမ်းကျင်လိမ္မာသောလက်ဖြင့် သူတို့ကိုပို့ဆောင်၏။