Psalms 84
84:1 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သည် နှစ်သက်ဖွယ်ကောင်းလှပါ၏။
84:2 အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၏တံတိုင်းတော်များကို လွမ်းဆွတ်၍ မူးမေ့မတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးနှင့် အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အသက်ရှင်သောဘုရားသခင်ထံ ရွှင်လန်းစွာသီချင်းဆိုပါ၏။
84:3 အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ယဇ်ပလ္လင်အနီးတွင် စာငှက်ပင်လျှင် နေစရာအရပ်ကိုလည်းကောင်း၊ ပျံလွှားငှက်ပင်လျှင် မိမိသားငယ်မွေးရန် မိမိအသိုက်ကိုလည်းကောင်း တွေ့ရှိကြပါ၏။
84:4 ကိုယ်တော်၏အိမ်တော်၌ နေထိုင်သောသူတို့သည် မင်္ဂလာရှိကြပါ၏။ သူတို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြပါလိမ့်မည်။
84:5 ကိုယ်တော်၌ အားယူသောသူ၊ ဇိအုန်သို့သွားရာလမ်းကို နှလုံးသွင်းသောသူတို့သည် မင်္ဂလာရှိကြ၏။
84:6 သူတို့သည် ဗာကာချိုင့်ဝှမ်း ကို ဖြတ်သွားကြရသော်လည်း ၎င်းကို စမ်းရေထွက်ရာအရပ်ဖြစ်စေပါ၏။ မိုးဦးသည်လည်း ထိုနေရာကို ကောင်းချီးမင်္ဂလာများနှင့် ဖုံးလွှမ်းပေးပါ၏။
84:7 သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
84:8 ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အို ယာကုပ်၏ဘုရားသခင်၊ စူးစိုက်နားထောင်တော်မူပါ။
84:9 အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဒိုင်းလွှားကိုကြည့်ရှုတော်မူပါ။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏မျက်နှာကို စေ့စေ့ကြည့်တော်မူပါ။
84:10 အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
84:11 အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
84:12 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကို ယုံကြည်ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။