Psalms 83
83:1 အို ဘုရားသခင်၊ နှုတ်ဆိတ်နေတော်မမူပါနှင့်။ အို ဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။
83:2 အကြောင်းမူကား ကိုယ်တော်၏ရန်သူတို့သည် ဆူပူသောင်းကျန်းကြပြီး ကိုယ်တော်ကိုမုန်းသောသူတို့သည် ခေါင်းထောင်လာကြပါ၏။
83:3 သူတို့သည် ကိုယ်တော်၏လူမျိုးတော်အပေါ် ဉာဏ်နီဉာဏ်နက်ထုတ်၍ ကိုယ်တော်ကာကွယ်ထားသောသူတို့အပေါ် လျှို့ဝှက်ကြံစည်ကြပါ၏။
83:4 သူတို့က “လာကြ၊ အစ္စရေးဟူသောအမည်နာမကို နောက်တစ်ဖန် အောက်မေ့စရာအကြောင်းမရှိစေရန် သူတို့ကို လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ကြကုန်စို့”ဟု ဆိုကြပါ၏။
83:5 အမှန်စင်စစ် သူတို့သည် စိတ်သဘောတညီတညွတ်တည်းဖြင့် လျှို့ဝှက်ကြံစည်ကြ၍ ကိုယ်တော်ကိုဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ကြပါ၏။
83:6 ထိုသူတို့တွင် ဧဒုံပြည်သားများနှင့်ဣရှမေလလူမျိုးများ၊ မောဘပြည်သားများနှင့်ဟာဂရိလူမျိုးများ၊
83:7 ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
83:8 အဆီးရီးယားလူမျိုးတို့သည်လည်း သူတို့နှင့်အတူပူးပေါင်းလျက် လောတ၏အမျိုးအနွယ်များအတွက် လက်ရုံးအင်အားဖြစ်ကြပါ၏။
83:9 မိဒျန်လူမျိုးအပေါ်၌လည်းကောင်း၊ ကိရှုန်ချောင်းနားတွင် သိသရနှင့်ယာဘိန်မင်းကြီးတို့အပေါ်၌လည်းကောင်း ကိုယ်တော်ပြုသကဲ့သို့ သူတို့အပေါ်၌ ပြုတော်မူပါ။
83:10 သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
83:11 သူတို့၏မင်းအရာရှိတို့ကို ဩရဘမင်းကြီးနှင့်ဇေဘမင်းကြီးကဲ့သို့လည်းကောင်း၊ သူတို့၏မင်းညီမင်းသားအပေါင်းတို့ကို ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။
83:12 ထိုသူတို့က “ဘုရားသခင်ပိုင်သောစားကျက်များကို ငါတို့အတွက်သိမ်းယူကြကုန်စို့”ဟု ဆိုကြပါ၏။
83:13 အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့ကို လေတိုက်ရာသို့လုံးထွေးလိမ့်ပါသွားတတ်သော ချုံပင်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာသို့လွင့်ပါသွားတတ်သည့် ကောက်ရိုးမျှင်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။
83:14 မီးသည် တောကိုလောင်သကဲ့သို့လည်းကောင်း၊ မီးလျှံသည် တောင်ကို လောင်ကျွမ်းသကဲ့သို့လည်းကောင်း၊
83:15 ကိုယ်တော်၏မုန်တိုင်းအားဖြင့် သူတို့ကိုလိုက်လံညှဉ်းဆဲ၍ ကိုယ်တော်၏လေပွေအားဖြင့် သူတို့ကိုထိတ်လန့်စေတော်မူပါ။
83:16 အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏နာမတော်ကိုရှာကြစေရန် သူတို့၏မျက်နှာကို အရှက်ကွဲခြင်းနှင့်ပြည့်စေတော်မူပါ။
83:17 သူ တို့သည် ထာဝစဉ်အရှက်ကွဲ၍ ထိတ်လန့်ကြရပါစေသော။ မျက်နှာပျက်၍ ပျက်စီးကြရပါစေသော။
83:18 ထိုသို့ဖြင့် ထာဝရဘုရားဟူသောနာမတော်ရှိသည့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာမြေတစ်ခွင်လုံး၌ အမြင့်ဆုံးသောအရှင်ဖြစ်ကြောင်းကို သူတို့သိကြပါစေသော။