Psalms 86
86:1 အို ထာဝရဘုရား၊ ဂရုစိုက်နားထောင်လျက် အကျွန်ုပ်ကိုထူးတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။
86:2 အကျွန်ုပ်သည် ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို စောင့်ရှောက်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ကို ယုံကြည်ကိုးစားသော ကိုယ်တော်၏အစေအပါးကို ကယ်တင်တော်မူပါ။
86:3 အို ဘုရားရှင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကို တစ်နေ့လုံးခေါ်ပါ၏။
86:4 ကိုယ်တော့်အစေအပါး၏စိတ်ဝိညာဉ်ကို ဝမ်းမြောက်စေတော်မူပါ။ အကြောင်းမူကား အို ဘုရားရှင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
86:5 အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
86:6 အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို အာရုံစိုက်တော်မူပါ။
86:7 ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူမည် ဖြစ်သောကြောင့် အကျွန်ုပ်သည် ဆင်းရဲဒုက္ခရောက်သောကာလ၌ ကိုယ်တော်ကိုခေါ်ပါမည်။
86:8 အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။
86:9 အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
86:10 အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
86:11 အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း အကျွန်ုပ်၏စိတ်ကိုစုစည်းတော်မူပါ။
86:12 အို ဘုရားရှင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲဂုဏ်ပြုချီးမွမ်းပါမည်။
86:13 အကြောင်းမူကား အကျွန်ုပ်အပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကြီးမားလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို နက်ရှိုင်းသောမရဏာနိုင်ငံမှ ကယ်နုတ်တော်မူပြီ။
86:14 အို ဘုရားသခင်၊ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ထကြွကြပါ၏။ ကြမ်းကြုတ်သောလူတစ်စုသည်လည်း အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။ သူတို့သည် ကိုယ်တော်ကို ဦးထိပ်ထားခြင်းမရှိကြပါ။
86:15 သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
86:16 အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏အစွမ်းသတ္တိကို ကိုယ်တော်၏အစေအပါးအား ပေး၍ ကိုယ်တော့်ကျွန်မ၏သားကို ကယ်တင်တော်မူပါ။
86:17 အကျွန်ုပ်ကိုမုန်းသောသူတို့သည် မြင်၍ အရှက်ကွဲကြမည့်အကြောင်း ကောင်းမြတ်တော်မူခြင်း၏အမှတ်လက္ခဏာကို အကျွန်ုပ်အားပြတော်မူပါ။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစ၍ အကျွန်ုပ်ကို နှစ်သိမ့်ပေးတော်မူပြီဖြစ်၏။