Psalms 88
88:1 အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
88:2 အကျွန်ုပ်၏ဆုတောင်းသံသည် ကိုယ်တော်၏ရှေ့တော်သို့ရောက်ပါစေသော။ အကျွန်ုပ်၏ဟစ်ကြော်သံကို ဂရုစိုက်နားထောင်တော်မူပါ။
88:3 အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ဘေးအန္တရာယ်နှင့်ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်၏အသက်သည်လည်း မရဏာနိုင်ငံနှင့်ကပ်နေပါပြီ။
88:4 အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့တွင် ရေတွက်ခြင်းခံရပြီး အားမရှိသောသူကဲ့သို့ဖြစ်ပါ၏။
88:5 သတ်ဖြတ်ခြင်းခံရပြီး သင်္ချိုင်းတွင်း၌ လဲလျောင်းနေကြသူများတည်းဟူသော နောက်တစ်ဖန် ကိုယ်တော်၏အောက်မေ့ခြင်းကို မခံရဘဲ လက်တော်၏မစခြင်းမှ အဆက်ပြတ်နေသောသူများကဲ့သို့ သေသောသူတို့အလယ်တွင် ပစ်ထားခြင်းခံရပါ၏။
88:6 ကိုယ်တော်သည် အကျွန်ုပ်ကို အမှောင်ဆုံး၊ အနက်ဆုံး တွင်းနက်ထဲ၌ ချထားတော်မူပြီ။
88:7 ကိုယ်တော်၏အမျက်ဒေါသသည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းလုံးရှိသမျှတို့သည်လည်း အကျွန်ုပ်ကို ဖုံးလွှမ်းလျက်ရှိပါ၏။
88:8 ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။ အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
88:9 ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက် ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။
88:10 ကိုယ်တော်သည် သေလွန်သောသူတို့အတွက် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပါသလော။ သေသူ၏ဝိညာဉ်များသည် ထ၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါသလော။
88:11 ကိုယ်တော်၏မေတ္တာကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော်ကို ပျက်စီး ခြင်းနိုင်ငံ၌လည်းကောင်း ပြောကြားကြပါသလော။
88:12 ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို အမှောင်ထဲ၌လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မေ့လျော့ရာပြည်၌လည်းကောင်း သိမှတ်ကြပါသလော။
88:13 အို ထာဝရဘုရား၊ အကျွန်ုပ်မူကား ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော့်ထံသို့ရောက်ပါ၏။
88:14 အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုစွန့်ပယ်၍ အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။
88:15 အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
88:16 ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် အကျွန်ုပ်ကိုလွှမ်းမိုးသွား၍ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖယ်ရှားသုတ်သင်ကြပါ၏။
88:17 ၎င်းတို့သည် ရေကဲ့သို့ အကျွန်ုပ်ကို တစ်နေ့လုံးဝိုင်းထား၍ အဘက်ဘက်မှ အကျွန်ုပ်ကို ဝန်းရံကြပါ၏။
88:18 ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။ အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။