Psalms 91
91:1 အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
91:2 “ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ငါ၏ဘုရားသခင်”ဟု ထာဝရဘုရားနှင့်ပတ်သက်၍ ငါဆို၏။
91:3 အကယ်စင်စစ် ကိုယ်တော်သည် ငှက်မုဆိုး၏ကျော့ကွင်းမှလည်းကောင်း၊ သေစေတတ်သောကပ်ရောဂါဘေးမှလည်းကောင်း သင့်ကိုကယ်နုတ်တော်မူလိမ့်မည်။
91:4 ကိုယ်တော်သည် မိမိ၏အတောင်တော်အမွေးဖြင့် သင့်ကိုအုပ်မိုးတော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်အောက်၌ ခိုလှုံရလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည် ဒိုင်းကာနှင့်ဒိုင်းလွှားဖြစ်၏။
91:5 သင်သည် ညအချိန်၌ဖြစ်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ နေ့အချိန်၌လွင့်ပျံသောမြားကိုလည်းကောင်း၊
91:6 မှောင်ကြီးမည်းကြီးထဲ၌လှည့်လည်တတ်သော ကပ်ရောဂါကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ဖျက်ဆီးတတ်သော ဘေးဥပဒ်ကိုလည်းကောင်း ကြောက်ရွံ့ရလိမ့်မည်မဟုတ်။
91:7 သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်း လဲကျသော်လည်း ထိုဘေးတို့သည် သင့်ထံသို့ ရောက်လာမည်မဟုတ်။
91:8 သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ပြစ်ဒဏ်ကို သင့်မျက်စိဖြင့်ကြည့်၍ မြင်ရုံမျှသာဖြစ်လိမ့်မည်။
91:9 “ထာဝရဘုရားသည် ငါ၏ခိုလှုံရာဖြစ်တော်မူ၏”ဟု သင်သည်ဆိုလျက် အမြင့်ဆုံးသောအရှင်ကို သင်၏မှီခိုရာဖြစ်စေသောကြောင့်
91:10 ဘေးအန္တရာယ်သည် သင့်အပေါ်သို့ ကျရောက်မည်မဟုတ်။ ဘေးဒဏ်သည်လည်း သင်၏တဲအနီးသို့ ချဉ်းကပ်မည်မဟုတ်။
91:11 အကြောင်းမူကား သင်၏လမ်းခရီးရှိသမျှတို့၌ သင့်ကိုစောင့်ရှောက်စေရန် ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့ မိန့်မှာတော်မူမည်ဖြစ်၍
91:12 သင်၏ခြေကိုကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကိုလက်ဖြင့်ချီပင့်ကြလိမ့်မည်။
91:13 သင်သည် ခြင်္သေ့နှင့်မြွေဟောက်အပေါ်နင်းသွား၍ ခြင်္သေ့ပျိုနှင့်မြွေနဂါးကို နင်းချေလိမ့်မည်။
91:14 “သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
91:15 သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
91:16 ရှည်သောအသက်ဖြင့် သူ့ကိုပြည့်စုံကြွယ်ဝစေ၍ ငါ၏ကယ်တင်ခြင်းကို သူ့အားပြမည်။”