Psalms 92
92:1 အို အမြင့်ဆုံးသောအရှင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းခြင်းသည်လည်းကောင်း၊
92:2 နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်၊ ညအချိန်၌ ကိုယ်တော်၏သစ္စာတော်ကို
92:3 စောင်းကောက်သံစဉ်နှင့်အတူ စောင်းပြားနှင့် ကြိုးဆယ်ချောင်းတပ်တူရိယာဖြင့် ထုတ်ဖော်ပြောဆိုခြင်းသည်လည်းကောင်း ကောင်းမြတ်ပေ၏။
92:4 အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သော အရာများအတွက် အကျွန်ုပ်သည် ရွှင်လန်းစွာသီချင်းဆိုပါမည်။
92:5 အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသော အမှုတို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်နက်နဲပါ၏။
92:6 ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့ မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
92:7 ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
92:8 အို ထာဝရဘုရား၊ ကိုယ်တော်မူကား မြင့်သောအရပ်၌ အစဉ်အမြဲရှိတော်မူ၏။
92:9 အို ထာဝရဘုရား၊ အကယ်စင်စစ် ကိုယ်တော်၏ရန်သူတို့သည်၊ အကယ်စင်စစ် ကိုယ်တော်၏ရန်သူတို့သည် ပျက်စီးကြရလိမ့်မည်။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည်လည်း ကွဲလွင့်ကြရလိမ့်မည်။
92:10 ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
92:11 အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
92:12 ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
92:13 ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
92:14 အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
92:15 ထာဝရဘုရား ဖြောင့်မှန်တော်မူကြောင်း ပြောကြားကြလိမ့်မည်။ ကိုယ်တော်သည် ငါ၏ကျောက်ဆောင်ဖြစ်တော်မူ၏။ ကိုယ်တော်၌မတရားမှုမရှိ။