Exodus 21
21:1 အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ ပြဋ္ဌာန်းရမည့်စီရင်ထုံးဖွဲ့ချက်များကား ဤသို့တည်း။
21:2 ဟေဗြဲလူမျိုးကျွန်တစ်ယောက်ကိုဝယ်လျှင် သူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ အဖိုးအခမပေးဘဲ လွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ရှိ၏။
21:3 တစ်ယောက်တည်းရောက်လာလျှင် တစ်ယောက်တည်းထွက်သွားရမည်။ သူသည် မယားရှိသောသူဖြစ်လျှင် သူ၏မယားသည် သူနှင့်အတူထွက်သွားရမည်။
21:4 ထိုသူ၌ သခင်ပေးစားသောမယားရှိ၍ သူ့အတွက် သားသမီးများကိုမွေးဖွားပေးလျှင် ထိုမယားနှင့်သားသမီးများကို သခင်ပိုင်သည်ဖြစ်၍ ထိုသူသည် တစ်ယောက်တည်းထွက်သွားရမည်။
21:5 အကယ်၍ ထိုကျွန်က ‘အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏မယားနှင့်သားသမီးများကို အကျွန်ုပ်ချစ်ပါ၏။ လွတ်လပ်သောသူအဖြစ် အကျွန်ုပ်မထွက်သွားလိုပါ’ဟု ပြတ်ပြတ်သားသားပြောဆိုလျှင်
21:6 သခင်သည် သူ့အား ဘုရားသခင်၏ရှေ့တော်သို့ခေါ်ဆောင်လာရမည်။ သူ့အား တံခါး၊ သို့မဟုတ် တံခါးတိုင်သို့ခေါ်ဆောင်လာ၍ သခင်သည် သူ၏နားရွက်ကို စူးဖြင့်ဖောက်ရမည်။ သူသည် အစဉ်အမြဲအစေခံရမည်။
21:7 တစ်စုံတစ်ဦးသည် မိမိ၏သမီးကို ကျွန်အဖြစ်ရောင်းလျှင် ထိုကျွန်မသည် ကျွန်ယောက်ျားထွက်သွားသကဲ့သို့ မထွက်သွားရ။
21:8 သခင်သည် ထိုကျွန်မကို မိမိအတွက်ရွေးချယ်ပြီးမှ မနှစ်မြို့လျှင် ကျွန်မအား သူ့ကိုယ်သူ ပြန်ရွေးခွင့်ပေးရမည်။ သခင်သည် သူ့အပေါ် သစ္စာမဲ့သည်ဖြစ်၍ တစ်ပါးအမျိုးသားအား ရောင်းခွင့်မရှိ။
21:9 ထိုသို့မဟုတ်ဘဲ ထိုကျွန်မကို မိမိသားအတွက် ရွေးချယ်လျှင် သမီးနှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်အတိုင်း သူ၌ ပြုရမည်။
21:10 ထိုသူသည် နောက်ထပ်မိန်းမယူလျှင် ယခင်မိန်းမအား အစားအစာ၊ အဝတ်အထည်နှင့် မယားရပိုင်ခွင့်တို့ကို မလျှော့ရ။
21:11 အကယ်၍ ဤသုံးချက်ကိုမပြုပေးလျှင် ထိုမိန်းမသည် အဖိုးအခငွေမပေးဘဲထွက်သွားခွင့်ရှိ၏။
21:12 လူကိုသေအောင်ရိုက်သောသူသည် မုချအသတ်ခံရမည်။
21:13 သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
21:14 တစ်စုံတစ်ဦးသည် မိမိ၏အိမ်နီးချင်းကို တမင်သက်သက်ကြံစည်သတ်ဖြတ်လျှင် ထိုသူသည် သေဒဏ်ခံရန် ငါ၏ယဇ်ပလ္လင်တော်မှပင်ဖြစ်စေကာမူ သူ့ကိုဆွဲထုတ်သွားရမည်။
21:15 မိမိ၏မိခင်ကိုဖြစ်စေ၊ ဖခင်ကိုဖြစ်စေ ရိုက်နှက်သောသူသည် မုချအသတ်ခံရမည်။
21:16 မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
21:17 ကိုယ့်မိဘကို ကျိန်ဆဲသောသူသည် မုချအသတ်ခံရမည်။
21:18 အချင်းချင်းရန်ဖြစ်ကြ၍ တစ်ဦးက အခြားတစ်ဦးအား ကျောက်တုံးနှင့်ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ ခံရသူသည်မသေသော်လည်း အိပ်ရာထဲ၌လဲနေလျှင်လည်းကောင်း၊
21:19 အပြင်၌တောင်ဝှေးဖြင့် လမ်းထလျှောက်နိုင်လျှင်လည်းကောင်း ပြုသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်ရမည်။ သို့သော် ခံရသူ အလုပ်ပျက်သွားသည့်အချိန်အတွက် သူ့အား နစ်နာကြေးပေး၍ လုံးလုံးပျောက်ကင်းသည့်တိုင်အောင်ကုသပေးရမည်။
21:20 တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကို တုတ်ဖြင့်ရိုက်နှက်စဉ်တွင် ထိုကျွန်သေလျှင် ထိုသူသည် မုချအပြစ်ဒဏ်ခံရမည်။
21:21 တစ်ရက်၊ သို့မဟုတ် နှစ်ရက်အသက်ရှင်လျှင် ထိုကျွန်ကို သူပိုင်သောကြောင့် အပြစ်ဒဏ်မခံရ။
21:22 အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။
21:23 အကယ်၍ အန္တရာယ်ဖြစ်လျှင် အသက်အတွက် အသက်၊
21:24 မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ၊
21:25 မီးလောင်ခြင်းအတွက် မီးလောင်ခြင်း၊ ထိခိုက်ဒဏ်ရာအတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာအတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်ရမည်။
21:26 တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏မျက်စိကိုထိုး၍ သူ၏မျက်စိပျက်စီးသွားလျှင် သူ၏မျက်စိအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။
21:27 ထိုနည်းတူ မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏သွားကိုကျိုးစေလျှင် သူ၏သွားအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။
21:28 နွားသည် ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်ကိုဝှေ့သဖြင့် ထိုသူသေလျှင် နွားကို ခဲနှင့်မုချပေါက်သတ်ရမည်။ ထိုနွား၏အသားကိုမစားရ။ ပိုင်ရှင်မူကား အပြစ်ကင်းလွတ်၏။
21:29 ထိုနွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်း ပိုင်ရှင်ကိုသတိပေးသော်လည်း ထိုနွားကိုမထိန်းသိမ်းသဖြင့် လူယောက်ျား၊ သို့မဟုတ် လူမိန်းမကိုဝှေ့သတ်လျှင် ထိုနွားကို ခဲနှင့်ပေါက်သတ်ရမည်။ ပိုင်ရှင်သည်လည်း သေဒဏ်ခံရမည်။
21:30 အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။
21:31 အကယ်၍ သား၊ သို့မဟုတ် သမီး တစ်ယောက်ယောက်ကိုဝှေ့လျှင်လည်း ဤစီရင်ထုံးဖွဲ့ချက်အတိုင်း ပိုင်ရှင်ကို စီရင်ရမည်။
21:32 နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ် ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။
21:33 တစ်စုံတစ်ဦးသည် ဖုံးထားသောတွင်းကိုဖွင့်ထားလျှင်ဖြစ်စေ၊ တွင်းကိုတူး၍ မဖုံးဘဲထားလျှင်ဖြစ်စေ ထိုတွင်းထဲသို့ နွား၊ သို့မဟုတ် မြည်းတစ်ကောင်ကောင်ကျလျှင်
21:34 တွင်းပိုင်ရှင်သည် တိရစ္ဆာန်ပိုင်ရှင်အား ငွေအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။
21:35 တစ်စုံတစ်ဦး၏နွားသည် မိမိအိမ်နီးချင်း၏နွားကို ဝှေ့သတ်လျှင် ရှင်သောနွားကိုရောင်း၍ ငွေကိုခွဲယူကြရမည်။ သေသောအကောင်ကိုလည်း ခွဲယူကြရမည်။
21:36 သို့ရာတွင် နွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်းသိသော်လည်း ပိုင်ရှင်သည် ထိုနွားကို မထိန်းသိမ်းလျှင် နွားတစ်ကောင်အတွက် နွားတစ်ကောင်ကို မုချအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။