Exodus 22
22:1 တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။
22:2 သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။
22:3 နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။
22:4 ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။
22:5 တစ်စုံတစ်ဦးသည် မိမိ၏တိရစ္ဆာန်များကို လယ်ကွင်း၊ သို့မဟုတ် စပျစ်ခြံထဲ၌ကျက်စားရန် လွှတ်ထားသဖြင့် သူတစ်ပါး၏လယ်ထဲ၌ကျက်စားလျှင် မိမိလယ်၊ မိမိစပျစ်ခြံထဲမှအကောင်းဆုံးကို အလျော်ပေးရမည်။
22:6 တစ်စုံတစ်ဦးသည် မီးရှို့ရာ ဆူးပင်များသို့ကူးပြီး ကောက်လှိုင်းကိုဖြစ်စေ၊ ကောက်ပဲသီးနှံကိုဖြစ်စေ၊ လယ်ကိုဖြစ်စေ လောင်ကျွမ်းလျှင် သူသည် မုချအလျော်ပေးရမည်။
22:7 တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ ငွေ၊ သို့မဟုတ် ပစ္စည်းကို ထိန်းသိမ်းပေးရန်အပ်ထားရာ သူခိုးသည် ၎င်းတို့ကို အပ်ထားသောအိမ်မှခိုးယူ၍ သူ့ကိုဖမ်းမိလျှင် သူသည် နှစ်ဆအလျော်ပေးရမည်။
22:8 သူခိုးကိုမမိလျှင် အိမ်ပိုင်ရှင်သည် သူ့အိမ်နီးချင်း၏ဥစ္စာကို ယူသည်၊ မယူသည် သိနိုင်ရန် သူ့ကို ဘုရားသခင်ထံခေါ်ဆောင်လာရမည်။
22:9 နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။
22:10 တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ
22:11 သူတို့နှစ်ဦးကြား၌ မိမိအိမ်နီးချင်း၏ဥစ္စာကိုမယူကြောင်း ထာဝရဘုရားရှေ့တော်တွင် ကျိန်ဆိုသည့်အတိုင်း ပိုင်ရှင်သည်လက်ခံရမည်။ ထိန်းသိမ်းထားသောသူသည်လည်း အလျော်မပေးရ။
22:12 အကယ်၍ သူ့ထံမှ အမှန်တကယ်ခိုးယူသွားသည်ဆိုလျှင် ပိုင်ရှင်အား အလျော်ပေးရမည်။
22:13 အမှန်တကယ်ကိုက်ဖြတ်ခြင်းခံရလျှင် သက်သေအဖြစ် သားရဲကိုက်သတ်သောအကောင်ကို ယူလာရမည်။ အလျော်မပေးရ။
22:14 တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံမှ တိရစ္ဆာန်ကိုငှားယူ၍ ပိုင်ရှင်အတူမရှိစဉ် ဒဏ်ရာရလျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေ မုချအလျော်ပေးရမည်။
22:15 ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
22:16 တစ်စုံတစ်ဦးသည် စေ့စပ်ထားသူမရှိသောအပျိုကညာကိုသွေးဆောင်၍ သူနှင့်အိပ်လျှင် မင်္ဂလာကြေးမဖြစ်မနေပေးရမည်။ မိမိ၏မယားအဖြစ် ယူရမည်။
22:17 အကယ်၍ မိန်းမ၏ဖခင်က မပေးစားလိုလျှင် ထိုယောက်ျားသည် အပျိုကညာကိုတင်တောင်းရသောမင်္ဂလာကြေးနှင့်အညီ ငွေပေးလျော်ရမည်။
22:18 စုန်းမကို အသက်ရှင်ခွင့်မပေးရ။
22:19 တိရစ္ဆာန်နှင့်မေထုန်ပြုသောသူတိုင်း မုချအသတ်ခံရမည်။
22:20 ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
22:21 သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားအား နိုင်ထက်စီးနင်းမပြုရ၊ မညှဉ်းဆဲရ။
22:22 မည်သည့်မုဆိုးမ၊ မည်သည့်မိဘမဲ့သူကိုမျှ မနှိပ်စက်ရ။
22:23 အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
22:24 ငါအမျက်ထွက်ပြီး သင်တို့ကို ဓားဖြင့်ကွပ်မျက်မည်။ ထိုအခါ သင်တို့၏မယားတို့သည် မုဆိုးမများ၊ သင်တို့၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြရလိမ့်မည်။
22:25 သင်တို့နှင့်အတူရှိသော ငါ၏လူမျိုးထဲမှဆင်းရဲသားကို ငွေချေးပေးလျှင် အတိုးစားသောသူကဲ့သို့ မပြုရ။ သူ့ထံမှ အတိုးမယူရ။
22:26 သင်သည် သင့်အိမ်နီးချင်း၏ခြုံထည်ကို အမှန်အပေါင်ခံလျှင် သူ့အား နေမဝင်မီပြန်ပေးရမည်။
22:27 အကြောင်းမူကား ၎င်းသည် သူ၏တစ်ခုတည်းသောခြုံစရာ၊ သူ၏ကိုယ်ခန္ဓာ အတွက် ခြုံထည်ဖြစ်သဖြင့် သူသည် မည်သည့်အရာကိုခြုံ၍ အိပ်မည်နည်း။ ငါသည် သနားကြင်နာတတ်သည်ဖြစ်၍ သူသည် ငါ့ထံ အော်ဟစ်တောင်းလျှောက်သောအခါ ငါနားထောင်မည်။
22:28 ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
22:29 အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
22:30 နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
22:31 သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။