Exodus 25
25:1 ထာဝရဘုရားက မောရှေအား
25:2 “ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။
25:3 သူတို့ထံမှ သင်ခံယူရမည့် အလှူပစ္စည်းဟူမူကား ရွှေ၊ ငွေ၊ ကြေးနီ၊
25:4 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်၊ ပိတ်ချောထည်၊ ဆိတ်မွေး၊
25:5 အနီရောင်ဆိုးထားသောသိုးထီးသားရေ၊ တဟာရှ သားရေ၊ အကေရှား သစ်သား၊
25:6 မီးထွန်းရန်အတွက် ဆီ၊ ဘိသိက်ဆီနှင့်အမွှေးနံ့သာပေါင်းအတွက် အမွှေးနံ့သာများ၊
25:7 ဧဖုဒ် နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
25:8 သူတို့အလယ်၌ ငါကိန်းဝပ်ဖို့ရန် သူတို့သည် ငါ့အဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။
25:9 ကိန်းဝပ်တော်မူရာတဲတော်၏ပုံစံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့၏ပုံစံကို သင့်အားငါပြသမျှအတိုင်း သင်တို့လုပ်ရမည်။
25:10 သူတို့သည် အလျားနှစ်တောင့်ထွာ ၊ အနံတစ်တောင့်ထွာ ၊ အမြင့်တစ်တောင့်ထွာရှိသော သေတ္တာကို အကေရှား သစ်သားဖြင့်လုပ်၍
25:11 သင်သည် ၎င်းကို ရွှေစင်ဖြင့်မွမ်းမံရမည်။ အတွင်းရောအပြင်ပါမွမ်းမံ၍ ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
25:12 ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ရမည်။
25:13 သင်သည် အကေရှား သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။
25:14 သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိကွင်းများထဲသို့ လျှိုထားရမည်။
25:15 ထမ်းပိုးတို့ကို သေတ္တာမှမဖယ်ရှားဘဲ သေတ္တာ၏ကွင်းများထဲ၌ ရှိနေစေရမည်။
25:16 သင့်အား ငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။
25:17 သင်သည် အလျား နှစ်တောင့်ထွာ၊ အနံ တစ်တောင့်ထွာရှိသော ကရုဏာတော်ပလ္လင် ကို ရွှေစင်ဖြင့်လုပ်ရမည်။
25:18 ကရုဏာတော်ပလ္လင် ၏အစွန်းနှစ်ဖက်၌ ခေရုဗိမ် နှစ်ပါးကို ရွှေဖြင့်ထုလုပ်ထားရမည်။
25:19 ခေရုဗိမ် တစ်ပါးကို အစွန်းတစ်ဖက်၌လည်းကောင်း၊ ကျန်ခေရုဗိမ်တစ်ပါးကို အခြားအစွန်းတစ်ဖက်၌လည်းကောင်း ခေရုဗိမ်တို့ကို ကရုဏာတော်ပလ္လင် နှင့်တစ်သားတည်းဖြစ်အောင် ပလ္လင်၏အစွန်းနှစ်ဖက်တွင် ထုလုပ်ရမည်။
25:20 ခေရုဗိမ် တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင် ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိရမည်။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင် ဘက်သို့ မျက်နှာမူရမည်။
25:21 ကရုဏာတော်ပလ္လင် ကို သေတ္တာပေါ်တွင်တင်ရမည်။ သင့်အားငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။
25:22 ငါသည် ထိုနေရာ၌ သင်နှင့်တွေ့ဆုံမည်။ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ခေရုဗိမ် နှစ်ပါးအကြား ကရုဏာတော်ပလ္လင် အထက်မှနေ၍ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုရမည့်စကားအလုံးစုံကို ငါမှာကြားမည်။
25:23 သင်သည် အလျားနှစ်တောင် ၊ အနံတစ်တောင် ၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှား သစ်သားဖြင့်လုပ်၍
25:24 ရွှေစင်ဖြင့်မွမ်းမံရမည်။ အနားပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
25:25 အနားပတ်ပတ်လည်၌ လက်တစ်ဝါး အကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
25:26 ထိုစားပွဲအတွက် ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ ထိုကွင်းများကို စားပွဲ၏ခြေလေးချောင်းရှိ ထောင့်လေးထောင့်၌ တပ်ရမည်။
25:27 ထိုကွင်းများသည် စားပွဲကိုထမ်းရန်ထမ်းပိုးများလျှိုစရာအဖြစ် ဘောင်နှင့်ကပ်လျက်ရှိရမည်။
25:28 အကေရှားသစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ ထိုထမ်းပိုးများဖြင့် စားပွဲကို ထမ်းရမည်။
25:29 ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် စားပွဲအတွက် လင်ပန်းများ၊ ခွက်များ၊ ကရားများ၊ ပန်းကန်လုံးများကို ရွှေစင်ဖြင့်လုပ်ရမည်။
25:30 ငါ့ရှေ့မှောက်၊ စားပွဲပေါ်တွင် ရှေ့တော်မုန့်ကို အစဉ်မပြတ်တင်ထားရမည်။
25:31 သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
25:32 ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်ရမည်။
25:33 အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိရမည်။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိရမည်။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူရမည်။
25:34 ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိရမည်။
25:35 ဆီမီးခုံမှထွက်သောအလက်ခြောက်လက်တွင် အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု ရှိရမည်။
25:36 အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်ရမည်။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းဖြင့် ထုလုပ်ရမည်။
25:37 ဆီမီးခုံတွင် မီးခွက်ခုနစ်လုံး လုပ်ရမည်။ ဆီမီးခုံ၏ရှေ့ဘက်၌လင်းစေရန် ထိုမီးခွက်များကို ထွန်းညှိရမည်။
25:38 ဆီမီးခုံ၏မီးညှပ်နှင့်မီးကျီးခံဗန်းတို့ကိုလည်း ရွှေစင်ဖြင့်လုပ်ရမည်။
25:39 ဆီမီးခုံမှစ၍ ဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကို ရွှေစင်တစ်တာလန် နှင့် ထုလုပ်ရမည်။
25:40 တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။