Exodus 26
26:1 ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ် ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
26:2 ရွက်ထည်တစ်ထည်စီ၏အလျားသည် နှစ်ဆယ့်ရှစ်တောင် ၊ အနံသည် လေးတောင် ရှိရမည်။ ထိုရွက်ထည်အားလုံးသည် အရွယ်အစားတူရမည်။
26:3 ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ရမည်။
26:4 အပြာရောင်ချည်ဖြင့်ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် တပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်ရမည်။
26:5 ရွက်ထည်တစ်တွဲအတွက် ကွင်းအကွင်းငါးဆယ်လုပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အစွန်း၌တပ်ရန်အတွက် ကွင်းအကွင်းငါးဆယ်လုပ်ရမည်။ ထိုကွင်းများသည် တစ်ကွင်းနှင့်တစ်ကွင်းဆိုင်နေရမည်။
26:6 ရွှေချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး ကိန်းဝပ်တော်မူရာတဲတော် တစ်ဆောင်တည်းဖြစ်စေရန် ထိုချိတ်များဖြင့် ရွက်ထည်တစ်တွဲနှင့်တစ်တွဲ တွဲထားရမည်။
26:7 ကိန်းဝပ်တော်မူရာတဲတော်ကိုဖုံးအုပ်ရန် ဆိတ်မွေးရွက်ထည်တဲအတွက် ရွက်ထည် တစ်ဆယ့်တစ်ထည်ကို လုပ်ရမည်။
26:8 ရွက်ထည်တစ်ထည်စီ၏အလျားသည် အတောင်သုံးဆယ် ၊ အနံသည် လေးတောင်ရှိရမည်။ ထိုရွက်ထည်တစ်ဆယ့်တစ်ထည်သည် အရွယ်အစားတူရမည်။
26:9 ရွက်ထည်ငါးထည်ကိုတစ်တွဲ၊ ရွက်ထည်ခြောက်ထည်ကိုတစ်တွဲ ဆက်၍ ဆဋ္ဌမရွက်ထည်ကို တဲတော်၏ရှေ့ပိုင်း၌ ခေါက်တင်ရမည်။
26:10 ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။
26:11 ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။
26:12 တဲတော်၏ရွက်ထည်များမှ ပိုနေသည့် ရွက်ထည်တစ်ဝက်ကို ကိန်းဝပ်တော်မူရာတဲတော်၏နောက်ပိုင်း၌ တွဲလျားချထားရမည်။
26:13 တဲတော်ရွက်ထည်များ၏အလျားဘက်မှ ပိုနေသောအပိုင်းကို ကိန်းဝပ်တော်မူရာတဲတော်အားဖုံးအုပ်ရန် တစ်ဖက်၌တစ်တောင်၊ အခြားတစ်ဖက်၌တစ်တောင် ဘေးတစ်ဖက်တစ်ချက်စီတွင် တွဲလျားချထားရမည်။
26:14 တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့် လုပ်ရမည်။ ထိုအပေါ်ထပ်မိုးရန်အမိုးကို တဟာရှ သားရေဖြင့် လုပ်ရမည်။
26:15 ကိန်းဝပ်တော်မူရာတဲတော်အတွက်ဘောင်များကို အကေရှား သစ်သားများဖြင့် လုပ်၍ ထောင်ထားရမည်။
26:16 ဘောင်တစ်ခုစီ၏အလျားသည် အတောင်တစ်ဆယ် ၊ အနံသည် တစ်တောင့် တစ်ထွာရှိရမည်။
26:17 ဘောင်တစ်ခုနှင့်တစ်ခုဆက်ရန် ဘောင်တစ်ခုစီ၌စရွေးတံနှစ်ခုရှိရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်ရှိသမျှတို့ကို ထို့အတူလုပ်ရမည်။
26:18 ကိန်းဝပ်တော်မူရာတဲတော် တောင်ဘက်ခြမ်းအတွက် ဘောင်အခုနှစ်ဆယ်လုပ်ရမည်။
26:19 ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
26:20 ကိန်းဝပ်တော်မူရာတဲတော်၏အခြားတစ်ဖက်ဖြစ်သည့် မြောက်ဘက်ခြမ်းအတွက်လည်း ဘောင်အခုနှစ်ဆယ်လုပ်ရမည်။
26:21 ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် အောက်ခံငွေအစွပ်လေးဆယ်လုပ်ရမည်။
26:22 ကိန်းဝပ်တော်မူရာတဲတော်၏အဆုံး အနောက်ဘက်ခြမ်းအတွက် ဘောင်ခြောက်ခုလုပ်ရမည်။
26:23 ကိန်းဝပ်တော်မူရာတဲတော်အဆုံးရှိ ထောင့်နှစ်ထောင့်အတွက် ဘောင်နှစ်ခုလုပ်ရမည်။
26:24 ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေရမည်။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံးကို ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထားရမည်။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်ရမည်။
26:25 ထို့ကြောင့် ဘောင်ရှစ်ခုရှိမည်။ ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ် တစ်ဆယ့်ခြောက်ခုလုပ်ရမည်။
26:26 ကိန်းဝပ်တော်မူရာတဲတော်တစ်ဖက်ရှိဘောင်များအတွက် အကေရှား သစ်သား ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊
26:27 ကိန်းဝပ်တော်မူရာတဲတော်နောက်တစ်ဖက်ရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်အနောက်ဘက်ခြမ်းရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း လုပ်ရမည်။
26:28 ဘောင်များ၏အလယ်တစ်ဝက်ရှိ အလယ်ကန့်လန့်ကျင်သည် တစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် ထုတ်ချင်းပေါက်ရမည်။
26:29 ဘောင်များကို ရွှေဖြင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်ရမည်။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံရမည်။
26:30 တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်ပုံစံအတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကို တည်ရမည်။
26:31 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ် ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။
26:32 အောက်ခံငွေအစွပ်လေးခုစွပ်ထား၍ ရွှေချိတ်များပါရှိသည့် ရွှေဖြင့်မွမ်းမံထားသော အကေရှား သစ်သားတိုင်လေးတိုင်တွင် ထိုကန့်လန့်ကာကို ချိတ်ဆွဲထားရမည်။
26:33 ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။
26:34 ကရုဏာတော်ပလ္လင် ကို အသန့်ရှင်းဆုံးဌာနရှိ သက်သေခံချက်သေတ္တာတော်အပေါ်၌ ထားရမည်။
26:35 စားပွဲကို ကန့်လန့်ကာ၏အပြင်ဘက် မြောက်ဘက်ခြမ်း၌ထားရမည်။ ဆီမီးခုံကို စားပွဲနှင့်မျက်နှာချင်းဆိုင် ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်၌ ထားရမည်။
26:36 တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။
26:37 လိုက်ကာအတွက် ရွှေချိတ်များပါရှိသည့် အကေရှား သစ်သားတိုင်ငါးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ တိုင်များအတွက် အောက်ခံကြေးနီအစွပ်ငါးခုကိုလည်း သွန်းလုပ်ရမည်။