Exodus 36
36:1 ဗေဇလေလ၊ အဟောလျဘနှင့်တကွ ထာဝရဘုရားထံတော်မှ ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်ရရှိ၍ သန့်ရှင်းရာဌာနဆောက်လုပ်ခြင်းနှင့်ဆိုင်သောအတတ်အမျိုးမျိုးတို့ကို သိမြင်လုပ်ဆောင်နိုင်သော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ထာဝရဘုရားမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်”ဟု ဆိုလေ၏။
36:2 မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။
36:3 သူတို့သည် သန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်းလုပ်ငန်းအတွက် အစ္စရေးအမျိုးသားတို့ယူဆောင်လာသောအလှူပစ္စည်းအားလုံးကို မောရှေထံမှ လက်ခံယူကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မောရှေထံသို့ စေတနာအလျောက်လှူသောအလှူပစ္စည်းတို့ကို ဆက်လက်၍ နံနက်တိုင်းယူဆောင်လာကြ၏။
36:4 သန့်ရှင်းရာဌာနနှင့်ဆိုင်သောအလုပ်အမျိုးမျိုးကို လုပ်ဆောင်နေသောလက်မှုပညာသည်အပေါင်းတို့သည် ကိုယ်အလုပ်လုပ်နေသည့်လုပ်ငန်းခွင်အသီးသီးမှ မောရှေထံသို့လာ၍
36:5 “လူတို့ယူဆောင်လာသောအလှူပစ္စည်းတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အလုပ်ကိုလုပ်ဆောင်ရန်အတွက် လိုအပ်သည်ထက် ပိုနေပါသည်”ဟု ပြောကြားကြ၏။
36:6 မောရှေကလည်း “သန့်ရှင်းရာဌာနတော်အဖို့အလှူပစ္စည်းများကို မည်သည့်ယောက်ျားမိန်းမမျှ ထပ်မလုပ်ရ”ဟု အမိန့်ထုတ်၍ တပ်စခန်းတစ်ခုလုံးသို့ ကြေညာစေ၏။ လူတို့ကိုလည်း အလှူပစ္စည်းများထပ်၍မယူဆောင်လာရန် တားမြစ်၏။
36:7 အလှူပစ္စည်းတို့သည် လုပ်ဆောင်ရမည့်အလုပ်ရှိသမျှအတွက် လုံလောက်သည်သာမက ပိုလျှံလျက်ရှိ၏။
36:8 အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ် ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။
36:9 ရွက်ထည်တစ်ထည်စီ၏အလျားသည် နှစ်ဆယ့်ရှစ်တောင် ၊ အနံသည် လေးတောင် ရှိ၏။ ထိုရွက်ထည်အားလုံးသည် အရွယ်အစားတူ၏။
36:10 ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ထား၏။
36:11 အပြာရောင်ချည်ဖြင့် ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်တပ်၏။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်၏။
36:12 ရွက်ထည်တစ်တွဲအတွက် ကွင်းအကွင်းငါးဆယ်လုပ်၏။ နောက်ရွက်ထည်တစ်တွဲ၏အစွန်း၌တပ်ရန်အတွက် ကွင်းအကွင်းငါးဆယ်လုပ်၏။ ထိုကွင်းများသည် တစ်ကွင်းနှင့်တစ်ကွင်းဆိုင်နေကြ၏။
36:13 ရွှေချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး ကိန်းဝပ်တော်မူရာတဲတော် တစ်ဆောင်တည်းဖြစ်စေရန် ထိုချိတ်များဖြင့် ရွက်ထည်တစ်တွဲနှင့်တစ်တွဲ တွဲထား၏။
36:14 ကိန်းဝပ်တော်မူရာတဲတော်ကိုဖုံးအုပ်ရန် ဆိတ်မွေးရွက်ထည်တဲအတွက် ရွက်ထည် တစ်ဆယ့်တစ်ထည်ကို လုပ်၏။
36:15 ရွက်ထည်တစ်ထည်စီ၏အလျားသည် အတောင်သုံးဆယ် ၊ အနံသည် လေးတောင်ရှိ၏။ ထိုရွက်ထည်တစ်ဆယ့်တစ်ထည်သည် အရွယ်အစားတူ၏။
36:16 ရွက်ထည်ငါးထည်ကိုတစ်တွဲ၊ ရွက်ထည်ခြောက်ထည်ကိုတစ်တွဲ ဆက်ထား၏။
36:17 ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်၏။
36:18 တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ချိတ်ပေးမည့် ကြေးနီချိတ်အခုငါးဆယ်ကိုလည်း လုပ်၏။
36:19 တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့်လုပ်၏။ ထိုအပေါ်၌ထပ်မိုးရန်အမိုးကို တဟာရှ သားရေဖြင့် လုပ်၏။
36:20 ကိန်းဝပ်တော်မူရာတဲတော်အတွက်ဘောင်များကို အကေရှား သစ်သားများဖြင့် လုပ်၍ ထောင်ထား၏။
36:21 ဘောင်တစ်ခုစီ၏အလျားသည် အတောင်တစ်ဆယ် ၊ အနံသည် တစ်တောင့် တစ်ထွာရှိ၏။
36:22 ဘောင်တစ်ခုနှင့်တစ်ခုဆက်ရန် ဘောင်တစ်ခုစီ၌စရွေးတံနှစ်ခုရှိ၏။ ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်ရှိသမျှတို့ကို ထို့အတူလုပ်၏။
36:23 ကိန်းဝပ်တော်မူရာတဲတော် တောင်ဘက်ခြမ်းအတွက် ဘောင်အခုနှစ်ဆယ်လုပ်၏။
36:24 ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ်အခုလေးဆယ်လုပ်၏။
36:25 ကိန်းဝပ်တော်မူရာတဲတော်၏အခြားတစ်ဖက်ဖြစ်သည့် မြောက်ဘက်ခြမ်းအတွက်လည်း ဘောင်အခုနှစ်ဆယ်လုပ်၏။
36:26 ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် အောက်ခံငွေအစွပ်လေးဆယ်လုပ်၏။
36:27 ကိန်းဝပ်တော်မူရာတဲတော်၏အဆုံး အနောက်ဘက်ခြမ်းအတွက် ဘောင်ခြောက်ခုလုပ်၏။
36:28 ကိန်းဝပ်တော်မူရာတဲတော်အဆုံးရှိ ထောင့်နှစ်ထောင့်အတွက် ဘောင်နှစ်ခုလုပ်၏။
36:29 ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေ၏။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံး ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထား၏။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်၏။
36:30 ထို့ကြောင့် ဘောင်ရှစ်ခုရှိ၏။ ဘောင်တစ်ခုစီအောက်၌ အောက်ခံအစွပ်နှစ်ခုစီရှိ၏။ ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ်တစ်ဆယ့်ခြောက်ခုရှိ၏။
36:31 ကိန်းဝပ်တော်မူရာတဲတော်တစ်ဖက်ရှိဘောင်များအတွက် အကေရှား သစ်သား ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊
36:32 ကိန်းဝပ်တော်မူရာတဲတော်နောက်တစ်ဖက်ရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်အနောက်ဘက်ခြမ်းရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း လုပ်၏။
36:33 ဘောင်များ၏အလယ်တစ်ဝက်ရှိ အလယ်ကန့်လန့်ကျင်ကို တစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် ထုတ်ချင်းပေါက်စေ၏။
36:34 ဘောင်များကို ရွှေဖြင့်မွမ်းမံ၏။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်၏။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံ၏။
36:35 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ် ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကိုလုပ်၏။
36:36 ကန့်လန့်ကာအတွက် အကေရှား သစ်သားတိုင်လေးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုတိုင်တို့၌ ရွှေချိတ်များပါရှိ၏။ ထိုတိုင်တို့အတွက် အောက်ခံငွေအစွပ်လေးခုကို သွန်းလုပ်၏။
36:37 တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်၏။
36:38 လိုက်ကာအတွက် ချိတ်များပါရှိသည့် တိုင်ငါးတိုင်ကိုလုပ်၍ တိုင်ထိပ်နှင့်တိုင်ထိပ်အစွပ်ကို ရွှေဖြင့်မွမ်းမံ၏။ တိုင်များ၏အောက်ခံအစွပ်ငါးခုကို ကြေးနီဖြင့် သွန်းလုပ်၏။