Exodus 37
37:1 ဗေဇလေလသည် အလျားနှစ်တောင့်ထွာ ၊ အနံတစ်တောင့်ထွာ ၊ အမြင့်တစ်တောင့်ထွာရှိသောသေတ္တာကို အကေရှား သစ်သားဖြင့်လုပ်၍
37:2 သေတ္တာ၏အတွင်းအပြင်ကို ရွှေစင်ဖြင့်မွမ်းမံပြီး ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
37:3 ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ဆင်၏။
37:4 အကေရှား သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။
37:5 သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိ ကွင်းများထဲသို့ လျှိုထား၏။
37:6 အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာရှိသော ကရုဏာတော်ပလ္လင် ကိုလည်း ရွှေစင်ဖြင့်လုပ်၏။
37:7 ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ် နှစ်ပါးကို ရွှေဖြင့်ထုလုပ်၏။
37:8 ခေရုဗိမ် တစ်ပါးကို အစွန်းတစ်ဖက်၌လည်းကောင်း၊ ကျန်ခေရုဗိမ်တစ်ပါးကို အခြားအစွန်းတစ်ဖက်၌လည်းကောင်း ခေရုဗိမ်တို့ကို ကရုဏာတော်ပလ္လင် နှင့်တစ်သားတည်းဖြစ်အောင် ပလ္လင်၏အစွန်းနှစ်ဖက်တွင် ထုလုပ်ထား၏။
37:9 ခေရုဗိမ် တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင် ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိ၏။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင် ဘက်သို့ မျက်နှာမူ၏။
37:10 အလျားနှစ်တောင် ၊ အနံတစ်တောင် ၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှား သစ်သားဖြင့်လုပ်၍
37:11 ရွှေစင်ဖြင့်မွမ်းမံ၏။ အနားပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
37:12 အနားပတ်ပတ်လည်၌ လက်တစ်ဝါး အကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
37:13 ထိုစားပွဲအတွက် ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ ထိုကွင်းများကို စားပွဲ၏ခြေလေးချောင်းရှိ ထောင့်လေးထောင့်၌ တပ်ဆင်၏။
37:14 ထိုကွင်းများသည် စားပွဲကိုထမ်းရန်ထမ်းပိုးများလျှိုစရာအဖြစ် ဘောင်နှင့်ကပ်လျက်ရှိ၏။
37:15 အကေရှား သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုထမ်းပိုးများဖြင့် စားပွဲကိုထမ်း၏။
37:16 ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။
37:17 ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။
37:18 ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်၏။
37:19 အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူကြ၏။
37:20 ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိ၏။
37:21 ဆီမီးခုံမှထွက်သောအလက်ခြောက်လက်တွင် အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု ရှိ၏။
37:22 အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။
37:23 ဆီမီးခုံရှိ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးကျီးခံဗန်းတို့ကို ရွှေစင်ဖြင့် ထုလုပ်ထား၏။
37:24 ဆီမီးခုံမှစ၍ ဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကို ရွှေစင်တစ်တာလန် နှင့် ထုလုပ်ထား၏။
37:25 နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှား သစ်သားဖြင့်လုပ်ထား၏။ ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်ရှိ၏။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။
37:26 ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံ၏။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။
37:27 ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ထား၏။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ကိုထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်၏။
37:28 ထမ်းပိုးတို့ကို အကေရှား သစ်သားဖြင့်လုပ်၍ ရွှေဖြင့်မွမ်းမံ၏။
37:29 အမွှေးနံ့သာဖော်စပ်နည်းအတိုင်း သန့်ရှင်းသောဘိသိက်ဆီ၊ စင်ကြယ်သောအမွှေးနံ့သာပေါင်းတို့ကို ဖော်စပ်၏။