Exodus 39
39:1 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။
39:2 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ် ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။
39:3 ရွှေကို အပြားခတ်၍ ရွှေချည်မျှင်တို့ကိုလုပ်၏။ ထိုရွှေချည်မျှင်နှင့် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်ဖြင့် ပိတ်ချောထည်ကို လက်ရာမြောက်စွာရက်လုပ်၏။
39:4 ဧဖုဒ်၏ပခုံးအစွန်းနှစ်ခုကိုဆက်ရန် ပခုံးသိုင်းကြိုးကိုလည်း လုပ်၏။
39:5 ဧဖုဒ် ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။
39:6 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မဟူရာကြောင်ဝင်ကျောက်ကိုသွေး၍ ကမ္ပည်းတံဆိပ်အဖြစ် အစ္စရေး၏သားတို့အမည်ကို ကမ္ပည်းထိုးပြီး ရွှေကျောက်မျက်အိုး၌ ထည့်ထား၏။
39:7 ထိုကျောက်တို့ကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ် ၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်၏။
39:8 ရင်ခံပြားကို ဧဖုဒ် လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်၏။
39:9 ထိုရင်ခံပြားကို နှစ်လွှာလုပ်၏။ ထိုနှစ်လွှာသည် အလျားတစ်ထွာ ၊ အနံတစ်ထွာ စတုရန်းပုံဖြစ်၏။
39:10 ရင်ခံပြားပေါ်၌ ကျောက်ကို လေးတန်းစီ၍ တပ်ထား၏။ ပထမအတန်းကား ပတ္တမြား၊ ဥဿဖရား၊ ဂေါ်မုတ်နီ ဖြစ်၏။
39:11 ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်ဖြစ်၏။
39:12 တတိယအတန်းကား ဂေါ်မိတ်နီ၊ မဟူရာ၊ ခရမ်းစွဲ ဖြစ်၏။
39:13 စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။
39:14 ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတစ်ဆယ့်နှစ်ယောက်တို့၏အမည်များအလိုက် စီထား၏။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုး၏။
39:15 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရင်ခံပြားအတွက် ကျစ်ဆံမြီးပုံစံကြိုးကို ရွှေစင်ဖြင့် သွန်းလုပ်၏။
39:16 ရွှေကျောက်မျက်အိုးနှစ်ခုနှင့် ရွှေကွင်းနှစ်ကွင်းကိုလည်းလုပ်၍ ထိုကွင်းနှစ်ကွင်းကို ရင်ခံပြားအစွန်းနှစ်ဖက်၌ တပ်၏။
39:17 ရွှေကြိုးနှစ်ချောင်းကို ရင်ခံပြားအစွန်းတို့၌ရှိသော ကွင်းနှစ်ကွင်းတွင်တပ်ပြီး
39:18 ကြိုးနှစ်ချောင်း၏ကျန်အစွန်းနှစ်ဖက်ကို ဧဖုဒ် ၏ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးပေါ်ရှိ ကျောက်မျက်အိုးနှစ်ခု၌ တပ်၏။
39:19 နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ် နှင့်ဆက်လျက်ရှိသော ရင်ခံပြားအတွင်းလွှာ၏အနားစွန်းနှစ်ဖက်၌ တပ်၏။
39:20 နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ် ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးနှစ်ချောင်း၏အောက်ဘက်၊ ဧဖုဒ် ၏ခါးပတ်ပြားဆက်ရာပေါ်၌ တပ်၏။
39:21 ရင်ခံပြားကို ဧဖုဒ် မှမကွာစေဘဲ ဧဖုဒ် ၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ် ၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထား၏။
39:22 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ် အောက်ရှိဝတ်လုံကို အပြာရောင်ချည်သက်သက်ဖြင့် ရက်လုပ်၏။
39:23 ဝတ်လုံ၏လည်ပင်းပေါက်သည် သံချပ်အင်္ကျီလည်ပင်းပေါက်ကဲ့သို့ ဖြစ်၏။ ထိုလည်ပင်းပေါက်မစုတ်မပြဲစေရန် ပတ်ပတ်လည်၌ အနားပတ်ကို ရက်လုပ်၏။
39:24 ဝတ်လုံ၏အောက်နားအတွက် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် သလဲသီးပုံများကို ချုပ်လုပ်၏။
39:25 ရွှေစင်ဆည်းလည်းများကိုလည်းလုပ်၍ ထိုဆည်းလည်းများကို ဝတ်လုံ၏အောက်နားပတ်ပတ်လည်ရှိ သလဲသီးပုံများအကြားတွင် တပ်၏။
39:26 အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သော ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်၏။
39:27 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ရက်လုပ်ထားသောပိတ်ချောထည် အတွင်းသင်တိုင်းများ၊
39:28 ပိတ်ချောထည်ခေါင်းပေါင်း၊ ပိတ်ချောထည်ဦးထုပ်များ၊ ပိတ်ချောထည်ဘောင်းဘီများ၊
39:29 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ပန်းထိုးထားသောပိတ်ချောထည်ခါးစည်းများကိုလည်း လုပ်၏။
39:30 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းသောရွှေစင်ပြားသရဖူကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ “ထာဝရဘုရား၌သန့်ရှင်းခြင်း”ဟု ရေးထိုးပြီးလျှင်
39:31 ထိုသရဖူကို ခေါင်းပေါင်းပေါ်၌ အပြာရောင်ကြိုးဖြင့်ချည်ပြီး တပ်ထား၏။
39:32 အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောလုပ်ငန်းရှိသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြီးစီးလေ၏။
39:33 ထို့နောက် သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော တဲတော်မှစ၍ ချိတ်များ၊ ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ စသည့်တဲတော်တန်ဆာပလာရှိသမျှကိုလည်းကောင်း၊
39:34 အနီရောင်ဆိုးထားသောသိုးထီးသားရေအမိုး၊ တဟာရှ သားရေအမိုးနှင့် ကာရန်ကန့်လန့်ကာကိုလည်းကောင်း၊
39:35 သက်သေခံချက်သေတ္တာတော်နှင့် သေတ္တာတော်၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင် ကိုလည်းကောင်း၊
39:36 စားပွဲနှင့် စားပွဲ၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ရှေ့တော်မုန့်ကိုလည်းကောင်း၊
39:37 ရွှေစင်ဆီမီးခုံ၊ ဆီမီးခုံပေါ် တစ်တန်းတည်းရှိနေသောမီးခွက်များ၊ ဆီမီးခုံ၏တန်ဆာပလာရှိသမျှနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊
39:38 ရွှေယဇ်ပလ္လင်ကိုလည်းကောင်း၊ ဘိသိက်ဆီနှင့်အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ တဲတော်အဝင်ဝလိုက်ကာကိုလည်းကောင်း၊
39:39 ကြေးနီယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက်ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
39:40 တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းတံခါး၏လိုက်ကာကိုလည်းကောင်း၊ ဝင်းအတွက်ကြိုးများနှင့်ငုတ်တိုင်များကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်၏အမှုတော်နှင့်ဆိုင်သည့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊
39:41 သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။
39:42 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် အလုပ်ရှိသမျှတို့ကို လုပ်လေ၏။
39:43 မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။