Exodus 40
40:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
40:2 “ပထမလ၏ပထမနေ့၌ သင်သည် တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၍
40:3 ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
40:4 စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။
40:5 နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။
40:6 တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ မီးရှို့ရာယဇ်ပလ္လင်ကို ထားရမည်။
40:7 တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အကြား၌ အင်တုံကိုထား၍ ရေကိုထည့်ရမည်။
40:8 တဲတော်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်ရမည်။
40:9 ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဘိသိက်သွန်း၍ ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုအခါ ကိန်းဝပ်တော်မူရာတဲတော်သည် သန့်ရှင်းလိမ့်မည်။
40:10 မီးရှို့ရာယဇ်ပလ္လင်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကိုလည်း ဘိသိက်သွန်း၍ ယဇ်ပလ္လင်ကိုသန့်ရှင်းစေရမည်။ ထိုအခါ အထူးသန့်ရှင်းသောယဇ်ပလ္လင် ဖြစ်လိမ့်မည်။
40:11 အင်တုံနှင့်အင်တုံ၏ခြေတိုင်ကို ဘိသိက်သွန်း၍ သန့်ရှင်းစေရမည်။
40:12 အာရုန်နှင့်သူ၏သားတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့်ဆေးကြောပြီးလျှင်
40:13 အာရုန်ကို သန့်ရှင်းသောအဝတ်တန်ဆာ ဝတ်ဆင်ပေးရမည်။ သူသည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌ အမှုတော်ကိုဆောင်ရွက်ရန် သူ့ကိုဘိသိက်ပေး၍ သန့်ရှင်းစေရမည်။
40:14 သူ၏သားတို့ကိုလည်း ခေါ်လာ၍ သူတို့အား အတွင်းသင်တိုင်းကို ဝတ်ဆင်ပေးရမည်။
40:15 သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
40:16 မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်း ပြုလေ၏။
40:17 ဒုတိယနှစ်၊ ပထမလ၏ပထမနေ့၌ ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၏။
40:18 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။
40:19 ကိန်းဝပ်တော်မူရာတဲတော်အပေါ်တွင် တဲတော်ကိုဖြန့်မိုး၍ ထိုအပေါ်တွင် တဲတော်အမိုးကို ထပ်မိုး၏။
40:20 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင် ကိုတင်၏။
40:21 သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။
40:22 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စားပွဲကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏မြောက်ဘက်ခြမ်း ကန့်လန့်ကာအပြင်ဘက်တွင် ထား၍
40:23 ထာဝရဘုရားရှေ့တော်၊ စားပွဲပေါ်၌ မုန့်ကို နေရာတကျခင်းကျင်း၏။
40:24 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဆီမီးခုံကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်ခြမ်း စားပွဲနှင့်မျက်နှာချင်းဆိုင်ထား၍
40:25 ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းထား၏။
40:26 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရွှေယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကန့်လန့်ကာရှေ့၌ထား၍
40:27 ယဇ်ပလ္လင်ပေါ်၌ အမွှေးနံ့သာပေါင်းကိုရှို့၏။
40:28 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာကိုတပ်၏။
40:29 မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
40:30 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်ကြား၌ထား၍ ဆေးကြောရန်ရေကို အင်တုံထဲ၌ ထည့်ထား၏။
40:31 မောရှေနှင့်တကွ အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရ၏။
40:32 သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ယဇ်ပလ္လင်သို့ချဉ်းကပ်သောအခါ၌ဖြစ်စေ ထိုအင်တုံ၌ မိမိတို့ခြေလက်ကိုဆေးကြောကြ၏။
40:33 ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။
40:34 ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။
40:35 မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ပေါ်၌တည်နေ၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိသောကြောင့် မောရှေသည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ မဝင်နိုင်ပေ။
40:36 အစ္စရေးအမျိုးသားတို့သည် သူတို့၏ခရီးလမ်းတစ်လျှောက်လုံးတွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ မိုးတိမ်ကွာသောအခါ ခရီးပြုကြ၏။
40:37 မိုးတိမ်မကွာလျှင် ကွာသောနေ့အထိ သူတို့သည် ခရီးမပြုဘဲနေကြ၏။
40:38 ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။