Proverbs 10
10:1 ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
10:2 မတရားသဖြင့်ရသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှလွတ်မြောက်စေတတ်၏။
10:3 ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို ဆာလောင်မွတ်သိပ်စေတော်မမူ။ ဆိုးယုတ်သောသူတို့၏အလိုရမ္မက်ကိုကား ပယ်ချတော်မူ၏။
10:4 လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
10:5 နွေရာသီ၌ ရှာဖွေစုဆောင်းသောသူသည် ပညာသတိရှိသောသားဖြစ်၏။ ရိတ်သိမ်းချိန်၌ အိပ်မောကျနေသောသူမူကား အရှက်ကွဲစေသောသားဖြစ်၏။
10:6 ဖြောင့်မတ်သောသူ၏ဦးခေါင်းပေါ်၌ ကောင်းချီးမင်္ဂလာများရှိ၏။ ဆိုးယုတ်သောသူတို့၏နှုတ်သည် ရက်စက်ကြမ်းကြုတ်မှုကိုဖုံးကွယ်တတ်၏။
10:7 ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
10:8 စိတ်နှလုံး၌ပညာရှိသောသူသည် ပညတ်ချက်တို့ကို လက်ခံတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
10:9 တည်ကြည်စွာလျှောက်လှမ်းသောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရလိမ့်မည်။ မိမိလမ်းတို့ကိုကွေ့ကောက်စေသောသူ၏ သဘောမူကား သိသာထင်ရှားလာလိမ့်မည်။
10:10 မျက်စိမှိတ်ပြသောသူသည် ဝမ်းနည်းပူဆွေးမှုကိုဖြစ်ပေါ်စေတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
10:11 ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်စမ်းရေတွင်းဖြစ်၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်တတ်၏။
10:12 မုန်းတီးခြင်းသည် အငြင်းပွားမှုများဖြစ်စေရန် လှုံ့ဆော်တတ်၏။ ချစ်ခြင်းမေတ္တာမူကား ကျူးလွန်သောအပြစ်ရှိသမျှကို ဖုံးအုပ်တတ်၏။
10:13 အသိဉာဏ်ရှိသောသူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရ၏။ အသိစိတ်မရှိသောသူ၏ကျောကုန်းအတွက်မူကား ကြိမ်လုံးရှိ၏။
10:14 ပညာရှိသောသူသည် အသိပညာကိုသိုမှီးတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။
10:15 ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
10:16 ဖြောင့်မတ်သောသူရရှိသောအဖိုးအခသည် အသက်ဖြစ်၏။ ဆိုးယုတ်သောသူရရှိသောအမြတ်အစွန်းသည် အပြစ်ဖြစ်၏။
10:17 ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
10:18 မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
10:19 စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
10:20 ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးယုတ်သောသူ၏စိတ်နှလုံးမူကား တန်ဖိုးနည်းလှ၏။
10:21 ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။
10:22 ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
10:23 မိုက်မဲသောသူသည် ညစ်ညမ်းသောအမှုကိုပြုခြင်း၌ ပျော်မွေ့တတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား ဉာဏ်ပညာ၌ ပျော်မွေ့တတ်၏။
10:24 ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
10:25 လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
10:26 ပျင်းရိသောသူသည် သူ့ကိုစေလွှတ်သောသူအတွက် သွားကိုထိသောရှာလကာရည်ကဲ့သို့လည်းကောင်း၊ မျက်စိထဲဝင်သောမီးခိုးကဲ့သို့လည်းကောင်း ဖြစ်၏။
10:27 ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
10:28 ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။
10:29 ထာဝရဘုရား၏လမ်းတော်သည် တည်ကြည်သောသူအတွက် မှီခိုရာဖြစ်၏။ အပြစ်ဒုစရိုက်ကိုပြုကျင့်သောသူတို့အတွက်မူကား ပျက်စီးခြင်းအကြောင်းဖြစ်၏။
10:30 ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှမရွေ့ရာ။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်၌ နေထိုင်ရလိမ့်မည်မဟုတ်။
10:31 ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာကိုတိုးပွားစေ၏။ ဖောက်ပြန်လွဲမှားသောလျှာမူကား အဖြတ်ခံရလိမ့်မည်။
10:32 ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် နှစ်သက်ဖွယ်သောအရာကို သိ၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ဖောက်ပြန်လွဲမှားသောအရာများကိုသာ သိ၏။