Proverbs 9
9:1 ဉာဏ်ပညာသည် မိမိအိမ်ကို တည်ဆောက်လေပြီ။ တိုင်ခုနစ်တိုင်ကိုစိုက်ထူလေပြီ။
9:2 မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။
9:3 မိမိအစေခံမိန်းကလေးများကိုစေလွှတ်ပြီး မြို့၏အမြင့်ဆုံးနေရာများမှနေ၍
9:4 “အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
9:5 “လာလော့။ ငါ့မုန့်ကိုစား၍ ငါရောစပ်ထားသောစပျစ်ဝိုင်ကို သောက်လော့။
9:6 အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။
9:7 ပြက်ရယ်ပြုတတ်သောသူကို ပဲ့ပြင်သောသူသည် အရှက်ခွဲခြင်းကိုခံရ၍ ဆိုးယုတ်သောသူကို ဆုံးမသောသူသည် ကိုယ်တိုင် အနာတရဖြစ်လိမ့်မည်။
9:8 ပြက်ရယ်ပြုတတ်သောသူကို မဆုံးမနှင့်။ ဆုံးမလျှင် သူသည် သင့်ကိုမုန်းလိမ့်မည်။ ပညာရှိသောသူကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချစ်လိမ့်မည်။
9:9 ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။
9:10 ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏မူလအစဖြစ်၏။ သန့်ရှင်းသောအရှင်ကိုသိသောဉာဏ်သည် အသိဉာဏ်ဖြစ်၏။
9:11 အကြောင်းမူကား ဉာဏ်ပညာအားဖြင့် သင်၏နေ့ရက်တို့သည် များပြား၍ သင့်အသက်တာ၏နှစ်ကာလတို့သည် ထပ်တိုးလာလိမ့်မည်။
9:12 သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
9:13 မိုက်မဲသောမိန်းမသည် အာကျယ်၍ ဉာဏ်တိမ်ပြီး မည်သည့်အရာကိုမျှမသိတတ်။
9:14 သူသည် မိမိ၏အိမ်တံခါးဝ၌လည်းကောင်း၊ မြို့၏မြင့်သောအရပ်ရှိထိုင်ခုံပေါ်၌လည်းကောင်း ထိုင်လျက်
9:15 လမ်း၌ဖြတ်သန်းသွားလာသောသူများ၊ မိမိတို့လမ်းခရီးကို ဖြောင့်တန်းစွာသွားနေသောသူများအား
9:16 “အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
9:17 “ခိုးသောက်သောရေသည် ချို၍ ဝှက်စားသောမုန့်သည် အရသာရှိ၏”ဟု ဆို၏။
9:18 သို့ရာတွင် ထိုအရပ်၌ သေသူ၏ဝိညာဉ်များရှိကြသည်ကိုလည်းကောင်း၊ ထိုမိန်းမ၏ဧည့်သည်များသည် မရဏာနိုင်ငံ၏နက်ရာအရပ်များ၌ ရှိကြသည်ကိုလည်းကောင်း ထိုသူမသိချေ။