Proverbs 30
30:1 ယာကေ၏သားအာဂုရ၏ဩဝါဒစကားများ။ အာဂုရသည် ဣသေလအား၊ ဣသေလနှင့်ဥကလတို့အား မိန့်ကြားသည်ကား
30:2 အကယ်စင်စစ် ငါသည် လူတကာတို့ထက် အသိတရားမဲ့၍ ငါ၌လူ့အသိဉာဏ်မရှိ။
30:3 ငါသည် ဉာဏ်ပညာကိုမသင်ယူ။ သန့်ရှင်းသောအရှင်ကိုသိသောဉာဏ်လည်း ငါ၌မရှိ။
30:4 မည်သူသည် ကောင်းကင်သို့တက်ပြီး ပြန်ဆင်းလာသနည်း။ မည်သူသည် လေကို မိမိလက်ခုပ်ထဲ ထည့်ထားသနည်း။ မည်သူသည် ရေကို မိမိ၏အဝတ်ဖြင့် ထုပ်ထားသနည်း။ မည်သူသည် ကမ္ဘာမြေအစွန်းရှိသမျှကို တည်ထားသနည်း။ ထိုသူ၏အမည်ကား မည်သို့နည်း။ သူ့သား၏အမည်ကား မည်သို့နည်း။ သင်သိသလော။
30:5 ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
30:6 ကိုယ်တော်၏နှုတ်ကပတ်တော်တို့အပေါ် ထပ်မံ၍မဖြည့်စွက်နှင့်။ ဖြည့်စွက်လျှင် ကိုယ်တော်သည် သင့်ကိုဆုံးမသဖြင့် သင်သည် လိမ်လည်သောသူဖြစ်သွားလိမ့်မည်။
30:7 ကိုယ်တော်ထံမှဆုနှစ်ပါးကို အကျွန်ုပ်တောင်းလျှောက်ပါ၏။ အကျွန်ုပ်မသေမီ ထိုအရာတို့ကို အကျွန်ုပ်အားမပေးဘဲနေတော်မမူပါနှင့်။
30:8 မဟုတ်မမှန်သောအရာနှင့် လိမ်လည်သောစကားကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါ။ ဆင်းရဲခြင်းကိုလည်းကောင်း၊ ကြွယ်ဝချမ်းသာခြင်းကိုလည်းကောင်း အကျွန်ုပ်အား ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက်လိုအပ်သောအစာကိုသာ အကျွန်ုပ်အား ပေးတော်မူပါ။
30:9 သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
30:10 အစေအပါးအကြောင်းကို သူ့သခင်ထံ မတရားစွပ်စွဲပြောဆိုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင် ထိုအစေအပါးသည် သင့်ကိုကျိန်ဆဲ၍ သင်၌အပြစ်သင့်ရောက်လိမ့်မည်။
30:11 မိမိ၏ဖခင်ကိုကျိန်ဆဲ၍ မိမိ၏မိခင်ကို ကောင်းချီးမပေးသောသူများရှိ၏။
30:12 မိမိ၏အညစ်အကြေးကို မဆေးကြောဘဲ ကိုယ့်ကိုယ်ကိုယ်စင်ကြယ်သည်ဟု ထင်မြင်သောသူများရှိ၏။
30:13 မျက်နှာအလွန်ထောင်လွှား၍ မိမိမျက်လွှာကို ပင့်ထားသောသူများရှိ၏။
30:14 အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
30:15 မျှော့၌ “ပေးပါ၊ ပေးပါ”ဟု ဆိုသောသမီးနှစ်ယောက်ရှိ၏။ အလိုမပြည့်စုံနိုင်သောအရာသုံးပါးမက “တော်ပါပြီ”ဟု မဆိုတတ်သောအရာလေးပါးမှာ
30:16 မရဏာနိုင်ငံ၊ မြုံသောဝမ်း၊ ရေမဝနိုင်သောမြေကြီးနှင့် “တော်ပါပြီ”ဟု မဆိုတတ်သောမီးတို့ဖြစ်ကြ၏။
30:17 ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
30:18 ငါအံ့မခန်းဖြစ်ရသောအရာသုံးပါးမက ငါနားမလည်နိုင်သောအရာလေးပါးမှာ
30:19 မိုးကောင်းကင်၌လင်းယုန်သွားရာလမ်း၊ ကျောက်ဆောင်ပေါ်၌မြွေသွားရာလမ်း၊ ပင်လယ်အလယ်၌သင်္ဘောသွားရာလမ်းနှင့် မိန်းမပျိုနှင့်အတူယောက်ျားသွားရာလမ်းတို့ဖြစ်ကြ၏။
30:20 အိမ်ထောင်ရေးဖောက်ပြန်သော မိန်းမ၏လမ်းသည်လည်း ထိုနည်းတူဖြစ်၏။ သူသည် စားသောက်ပြီးမှ မိမိ၏ပါးစပ်ကိုသုတ်ပြီး “မည်သည့်အပြစ်ဒုစရိုက်ကိုမျှ ငါမပြု”ဟု ဆိုတတ်၏။
30:21 မြေကြီးလှုပ်ခတ်ရသောအကြောင်းခြင်းရာသုံးပါးမက မြေကြီးမခံနိုင်သောအကြောင်းခြင်းရာလေးပါးမှာ
30:22 ကျွန်က မင်းပြုခြင်း၊ မိုက်မဲသောသူက အစာဝခြင်း၊
30:23 မုန်းစရာကောင်းသောမိန်းမက လက်ထပ်ရခြင်းနှင့် ကျွန်မက သူ့သခင်မ၏အမွေကိုဆက်ခံရခြင်းတို့ဖြစ်ကြ၏။
30:24 ကမ္ဘာမြေကြီးပေါ်မှာ သေးငယ်သော်လည်း အလွန်ပညာရှိသည့် အရာလေးပါးမှာ
30:25 ခွန်အားကြီးသောအမျိုးမဟုတ်သော်လည်း နွေရာသီ၌ မိမိတို့၏အစားအစာကို ပြင်ဆင်တတ်သောပုရွက်ဆိတ်များ၊
30:26 အင်အားကြီးသောအမျိုးမဟုတ်သော်လည်း မိမိတို့အိမ်ကို ကျောက်ထဲတွင်တည်တတ်သော ရှာဖန်ယုန်များ၊
30:27 ဘုရင်မရှိသော်လည်း တစ်စုတစ်ပေါင်းတည်း စီတန်းသွားလာတတ်သောကျိုင်းကောင်များနှင့်
30:28 လက်ဖြင့်ပင်ဖမ်းယူနိုင်သော်လည်း ဘုရင့်နန်းတော်တို့တွင်နေတတ်သောအိမ်မြှောင်တို့ ဖြစ်ကြ၏။
30:29 ခံ့ညားစွာခြေလှမ်းလှမ်းတတ်သောအရာသုံးပါးမက ခံ့ညားစွာလှမ်းလျှောက်တတ်သောအရာလေးပါးမှာ
30:30 တိရစ္ဆာန်ထဲတွင်ခွန်အားကြီး၍ မည်သည့်အရာ၏ရှေ့ကမျှ နောက်ပြန်မလှည့်တတ်သောခြင်္သေ့၊
30:31 ဟန်ပါမာန်ပါလျှောက်တတ်သောကြက်ဖ ၊ သို့မဟုတ် ဆိတ်ထီး၊ စစ်သည်အလုံးအရင်းခြံရံထားသော ရှင်ဘုရင်တို့ဖြစ်ကြ၏။
30:32 သင်သည် မိမိကိုယ်ကိုချီးမြှောက်လျက် မိုက်မဲစွာပြုမူခဲ့လျှင်၊ သို့မဟုတ် မကောင်းကြံစည်ခဲ့လျှင် သင်၏နှုတ်ကိုလက်နှင့်ပိတ်ထားလော့။
30:33 အကြောင်းမူကား နို့ကိုမွှေလျှင် ထောပတ်ကိုရ၍ နှာခေါင်းကိုဆွဲလိမ်လျှင် သွေးထွက်တတ်သကဲ့သို့ ဒေါသကိုမွှေလျှင် ခိုက်ရန်ဖြစ်ပွားတတ်၏။