Proverbs 31
31:1 လေမွေလမင်းကြီး၏စကားများ။ သူ၏မယ်တော်က သူ့ကိုသွန်သင်သောဩဝါဒစကားမှာ
31:2 ငါ့သား၊ ငါမည်သို့ပြောရမည်နည်း။ ငါ့ဝမ်းမှဖွားသောသား၊ ငါမည်သို့ပြောရမည်နည်း။ ငါ၏ကတိသစ္စာနှင့်ဆိုင်သောသား၊ ငါမည်သို့ပြောရမည်နည်း။
31:3 သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
31:4 အို လေမွေလ၊ စပျစ်ဝိုင်သောက်ခြင်းသည် ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ သေရည်သေရက်ကိုတောင့်တခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက် မသင့်လျော်ပေ။
31:5 သူတို့သည် သောက်သောအခါ ပြဋ္ဌာန်းထားသောအရာကိုမေ့လျော့၍ ဖိစီးနှိပ်စက်မှုခံရသောသူအပေါင်းတို့၏ အမှုအခင်းကို လွဲမှားစွာစီရင်မည်ကို စိုးရိမ်ရ၏။
31:6 ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
31:7 သူတို့သည် သောက်သောအခါ မိမိတို့၏ဆင်းရဲခြင်းကိုမေ့လျော့သွားလိမ့်မည်။ မိမိတို့၏အခက်အခဲပြဿနာကိုလည်း သတိရတော့မည်မဟုတ်။
31:8 သင်သည် ပြောဆိုနိုင်စွမ်းမရှိသူအတွက်လည်းကောင်း၊ မှီခိုရာမဲ့သောသူအားလုံး၏ အမှုအခင်းအတွက်လည်းကောင်း သင်၏နှုတ်ကိုဖွင့်လော့။
31:9 သင်၏နှုတ်ကိုဖွင့်လျက် ဖြောင့်မတ်စွာတရားစီရင်လော့။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလော့။
31:10 စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။
31:11 သူ့ခင်ပွန်းသည် စိတ်နှလုံးထဲ၌ သူ့ကိုယုံကြည်စိတ်ချသဖြင့် စည်းစိမ်ဥစ္စာချို့တဲ့သည်ဟူ၍မရှိ။
31:12 ထိုမယားသည် မိမိအသက်ရှင်သမျှကာလပတ်လုံး ခင်ပွန်းသည်အား ဆိုးကျိုးမပြု၊ ကောင်းကျိုးကိုသာပြုတတ်၏။
31:13 သူသည် သိုးမွေးနှင့်ဗီသွာလျှော်ကိုရှာပြီးလျှင် မိမိ၏လက်ဖြင့် စိတ်ပါလက်ပါလုပ်ဆောင်တတ်၏။
31:14 ကုန်သွယ်သင်္ဘောများကဲ့သို့ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင်လာတတ်၏။
31:15 မိုးမလင်းမီထပြီး မိမိအိမ်သူအိမ်သားများအတွက် စားစရာကိုပြင်ဆင်၍ အစေခံမိန်းကလေးများကို အလုပ်ခွဲဝေသတ်မှတ်ပေးတတ်၏။
31:16 လယ်ယာကိုကြည့်ရှုသုံးသပ်ပြီးမှ ၎င်းကိုဝယ်ယူ၍ မိမိလက်နှင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ဖြင့် စပျစ်ခြံကိုစိုက်ပျိုးတတ်၏။
31:17 မိမိခါးကို အစွမ်းသတ္တိနှင့်စည်း၍ မိမိလက်မောင်းတို့ကို သန်မာစေတတ်၏။
31:18 မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
31:19 သူသည် မိမိ၏လက်တွင် ဗိုင်းလိပ်တံကိုကိုင်ထားလျက် မိမိ၏လက်ထဲ၌ ရစ်လုံးကိုဆုပ်ကိုင်ထားတတ်၏။
31:20 အဖိနှိပ်ခံရသောသူတို့အတွက် မိမိလက်ကိုဖြန့်ပေး၍ နွမ်းပါးသောသူတို့အတွက် မိမိလက်တို့ကိုကမ်းပေးတတ်၏။
31:21 သူ၏အိမ်သူအိမ်သားအားလုံးသည် ကတ္တီပါနီကိုဝတ်ဆင်ထားသည်ဖြစ်၍ နှင်းပွင့်ကျသော်လည်း သူသည် မိမိအိမ်သူအိမ်သားများအတွက် မစိုးရိမ်ရပေ။
31:22 သူသည် မိမိအတွက် အိပ်ရာခင်းများကိုပြုလုပ်၍ သူ၏အဝတ်တန်ဆာသည် ဗီသွာချည်ထည်နှင့် ခရမ်းရောင်အထည်ဖြစ်၏။
31:23 သူ၏ခင်ပွန်းသည် အရပ်လူကြီးတို့နှင့်အတူ မြို့တံခါး၌ထိုင်လေ့ရှိ၍ လူသိများသောသူဖြစ်၏။
31:24 သူသည် ပိတ်ချောဝတ်ရုံများကိုပြုလုပ်ရောင်းချကာ ခါးဝတ်တန်ဆာများကိုလည်း ကုန်သည်များထံသွင်းတတ်၏။
31:25 အစွမ်းသတ္တိနှင့်ခန့်ညားထည်ဝါမှုသည် သူ၏အဝတ်တန်ဆာဖြစ်၍ သူသည် လာမည့်နေ့ရက်များအတွက် ရယ်မောနိုင်၏။
31:26 သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။
31:27 မိမိအိမ်သူအိမ်သားတို့၏အရေးကိစ္စများကို သေချာစွာကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။
31:28 သူ၏သားသမီးတို့သည်ထ၍ သူ့ကို မင်္ဂလာရှိသူဟု ခေါ်တတ်ကြ၏။ သူ၏ခင်ပွန်းသည်လည်း
31:29 “စွမ်းရည်ရှိရှိလုပ်ဆောင်တတ်သောအမျိုးသမီးများစွာရှိသော်လည်း သင်သည် ထိုသူအားလုံးထက်သာလွန်၏”ဟု သူ့ကိုချီးမွမ်းတတ်၏။
31:30 တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
31:31 ထိုသို့သောမိန်းမအား သူ့လက်ဖြင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ကိုပေးလော့။ သူပြုသောအမှုအတွက် မြို့တံခါးတို့၌ သူ့ကိုချီးမွမ်းကြပါစေ။