Library · my

Proverbs 5

5:1 ငါ့​သား​၊ ငါ​၏​ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​၍ ငါ​၏​ထိုးထွင်းဉာဏ်​ကို​နားစွင့်​လော့​။ 5:2 သို့ပြုလျှင် သင်​သည် အလိမ္မာဉာဏ်​ကို​စောင့်ထိန်း​နိုင်​၍ သင်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​နိုင်​လိမ့်မည်​။ 5:3 အကြောင်းမူကား အကျင့်​ဖောက်ပြား​သော​မိန်းမ​၏​နှုတ်ခမ်း​မှ ပျားရည်​ယိုစီး​၍ သူ​၏​နှုတ်​သည် ဆီ​ထက်​ချောမွေ့​၏​။ 5:4 သို့သော် နောက်ဆုံး​၌ သူ​သည် ဒေါန​ကဲ့သို့​ခါး​၍ အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကဲ့သို့ ထက်​၏​။ 5:5 သူ​၏​ခြေ​သည် သေ​ခြင်း​သို့​ဆင်းသွား​၍ သူ​၏​ခြေလှမ်း​တို့​သည် မရဏာနိုင်ငံ​သို့ ဦးတည်​လျက်​ရှိ​၏​။ 5:6 သူ​သည် အသက်ရှင်​ခြင်း​လမ်း​ကို ချင့်ချိန်သုံးသပ်​ခြင်း​မ​ရှိ​။ သူ​၏​လမ်း​တို့​သည် ဦးတည်ရာမဲ့​ဖြစ်​နေ​သည်​ကို သူ​မ​သိ​။ 5:7 သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​မှ​လည်း ဖယ်ခွာ​မ​သွား​ကြ​နှင့်​။ 5:8 သင်​၏​လမ်း​ကို ထိုသို့သော​မိန်းမ​နှင့် ဝေးကွာ​စေ​လော့​။ သူ​၏​အိမ်​တံခါး​အနီး​သို့​လည်း မ​ချဉ်းကပ်​နှင့်​။ 5:9 သို့မဟုတ်လျှင် သင်​သည် သင်​၏​ဂုဏ်သိက္ခာ​ကို သူတစ်ပါး​တို့​အား​လည်းကောင်း​၊ သင်​၏​နှစ်ကာလ​များ​ကို ရက်စက်​သော​သူ​အား​လည်းကောင်း ပေးအပ်​ရ​လိမ့်မည်​။ 5:10 သူစိမ်း​တို့​သည် သင်​၏​စည်းစိမ်​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​၍ သင်​ခက်ခဲပင်ပန်း​စွာ​ရှာထား​သော​အရာ​တို့​သည် တစ်ပါးအမျိုးသား​၏​အိမ်​သို့ ရောက်​လိမ့်မည်​။ 5:11 နောက်ဆုံး​၌ သင်​၏​အသွေးအသား​နှင့် သင်​၏​ကိုယ်ခန္ဓာ​သည် ပျက်စီး​သောအခါ သင်​သည် ညည်းတွား​လျက် 5:12 “​ငါ​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၍ ငါ​၏​စိတ်နှလုံး​သည် ဆိုဆုံးမစကား​ကို မထီလေးစား​ပြု​ခဲ့​၏​။ 5:13 ငါ့​ဆရာ​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​၊ ငါ့​ကို​သင်ကြား​ပေး​သော​သူ​တို့​ကို​လည်း နားစွင့်​ခြင်း​မ​ရှိ​ခဲ့​ပေ​။ 5:14 ငါ​သည် လူအစုအဝေး​နှင့်​လူထုပရိသတ်​အလယ်​၌ လုံးလုံး​ပျက်စီး​သော​သူ​ဖြစ်​လုနီး​ပြီ​တကား​”​ဟု ဆို​လိမ့်မည်​။ 5:15 သင်​၏​ရေလှောင်တွင်း​ထဲမှ​ရေ​၊ သင်​၏​ရေတွင်း​ထဲမှ​ထွက်​သော​ရေ​ကို သောက်​လော့​။ 5:16 သင်​၏​စမ်းရေ​များ​ကို လမ်း​ပေါ်သို့​လျှံထွက်​စေ​၍ လမ်းမ​များ​ကို ရေစီး​သော​ချောင်း​များ​ဖြစ်​စေ​ရ​သလော​။ 5:17 ၎င်း​တို့​ကို သင်​တစ်ဦးတည်း​အတွက်​သာ ဖြစ်​စေ​လော့​။ သင့်​ထံ၌​ရှိ​သော​သူစိမ်း​များ​အတွက် မ​ဖြစ်​စေ​နှင့်​။ 5:18 သင်​၏​စမ်းရေတွင်း​သည် မင်္ဂလာရှိ​ပါစေ​။ သင်​ပျိုရွယ်​စဉ်​ကတည်းက​ပေါင်းဖက်​ခဲ့​သော​မယား​၌ ဝမ်းမြောက်​ပါစေ​။ 5:19 သူ​သည် ချစ်ဖွယ်​ကောင်း​သော​သမင်မ​၊ တင့်တယ်​သော​ဒရယ်မ​ကဲ့သို့​ဖြစ်​၏​။ သူ​၏​သားမြတ်​သည် သင့်​ကို​အစဉ်အမြဲ ကျေနပ်အားရ​စေ​၍ သူ​၏​အချစ်​၌ သင်​သည် အစဉ်မပြတ်​ယစ်မူး​ပါစေ​။ 5:20 ငါ့​သား​၊ သင်​သည် အဘယ်ကြောင့် အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့်​ယစ်မူး​၍ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ရင်​ကို ပွေ့ဖက်​ရ​သနည်း​။ 5:21 အကယ်စင်စစ် လူ​သွား​ရာ​လမ်း​တို့​သည် ထာဝရဘုရား​၏​မျက်မှောက်​တော်​၌​ရှိ​၍ ကိုယ်တော်​သည် သူ​၏​လမ်း​ရှိသမျှ​တို့​ကို ချင့်ချိန်သုံးသပ်​တော်မူ​၏​။ 5:22 ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။ 5:23 သူ​သည် ဆုံးမပဲ့ပြင်​ခြင်း​မ​ခံရ​သောကြောင့် သေ​ရ​လိမ့်မည်​။ သူ​၏​ကြီးမား​သော​မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​ရ​လိမ့်မည်​။