Proverbs 7
7:1 ငါ့သား၊ ငါ့စကားတို့ကိုစောင့်ထိန်း၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားလော့။
7:2 ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။ ငါ၏သွန်သင်ချက်ကို သင်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ထိန်းလော့။
7:3 ၎င်းတို့ကို သင်၏လက်ချောင်းတို့တွင်ချည်ထား၍ သင်၏နှလုံးသားပြင်၌ ရေးထားလော့။
7:4 ဉာဏ်ပညာအား “သင်သည် ငါ၏အစ်မဖြစ်သည်”ဟု ဆို၍ အသိဉာဏ်အား “ဆွေမျိုးသားချင်း”ဟု ခေါ်လော့။
7:5 သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
7:6 ငါသည် ငါ၏အိမ်ပြတင်းပေါက်ရာဇမတ်ကွက်ကြားမှ မျှော်ကြည့်သောအခါ
7:7 အသိဉာဏ်နည်းပါးသောသူများကြားတွင် အသိစိတ်မရှိသောလုလင်တစ်ဦးကို ငါမြင်၍ လူငယ်များအလယ်တွင် သူ့ကိုသတိပြုမိ၏။
7:8 ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍ ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
7:9 အချိန်ကား မှောင်ရီပျိုးချိန်၊ နေဝင်ချိန်၊ ညသန်းခေါင်အချိန်နှင့် မှောင်မိုက်သောအချိန်ဖြစ်၏။
7:10 ထိုအခါ ပြည့်တန်ဆာအဝတ်ကိုဝတ်၍ စိတ်နှလုံးထဲ၌ လျှို့ဝှက်သောအကြံရှိသည့်မိန်းမသည် သူ့ကိုကြိုဆိုလေ၏။
7:11 ထိုမိန်းမသည် အာကျယ်၍ခေါင်းမာ၏။ ခြေမငြိမ်၊ အိမ်မကပ်၊
7:12 ယခုပင် အပြင်၌၊ ယခုပင် လမ်းဆုံ၌ရှိလျက် လမ်းထောင့်ရှိသမျှတို့၌ ချောင်းမြောင်းနေတတ်၏။
7:13 သူသည် ထိုလုလင်ကိုဆွဲ၍ နမ်းပြီးလျှင်
7:14 “ကျွန်မသည် မိတ်သဟာယယဇ်များပူဇော်ရန်ရှိ၍ ယနေ့ပင် ကျွန်မ၏ကတိသစ္စာတို့ကို ပြည့်စုံစေပါပြီ။
7:15 ထို့ကြောင့် သင့်ကိုကြိုဆိုရန် ထွက်လာ၏။ သင့်ကိုကြိုးစားရှာ၍ ယခုတွေ့ပါပြီ။
7:16 ကျွန်မ၏ခုတင်ကို အီဂျစ်ပြည်ဖြစ် ရောင်စုံပိတ်ချောအိပ်ရာခင်းဖြင့်ခင်းထား၍
7:17 ကျွန်မ၏အိပ်ရာကို မုရန်၊ သစ်မွှေးနှင့် သစ်ကြံပိုးနံ့သာတို့ဖြင့် ထုံသင်းမွှေးကြိုင်စေပါပြီ။
7:18 လာပါ။ မိုးလင်းသည်အထိ ချစ်တင်းနှော၍ ချစ်ကြိုက်ပျော်ပါးကြစို့။
7:19 အကြောင်းမူကား ကျွန်မ၏ခင်ပွန်းသည် အိမ်မှာမရှိ။ ရပ်ဝေးသို့ ခရီးသွားနေ၏။
7:20 ငွေအိတ်ကိုပါ ယူဆောင်သွား၏။ လပြည့်နေ့မှ အိမ်သို့ပြန်လာမည်”ဟု ထိုလုလင်အား မျက်နှာပြောင်တိုက်ပြောဆို၏။
7:21 ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
7:22 နွားသည် အသတ်ခံရမည့်နေရာသို့ လိုက်သွားသကဲ့သို့လည်းကောင်း၊ ဆိုးမိုက်သောသူသည် မိမိအသည်းကို မြားစူးဝင်သည့်တိုင်အောင် အပြစ်ဒဏ်ခံရာသို့ ခြေချင်းခတ်ခံရလျက်သွား သကဲ့သို့လည်းကောင်း၊
7:23 ငှက်သည် ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သွားသကဲ့သို့လည်းကောင်း သူသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။ ထိုအမှုသည် သူ့အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းကို သူမသိပေ။
7:24 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏နှုတ်ထွက်စကားတို့ကိုလည်း အာရုံစိုက်နားထောင်ကြလော့။
7:25 သင်၏စိတ်နှလုံးကို ထိုမိန်းမ၏လမ်းများဘက်သို့ မလှည့်စေနှင့်။ လမ်းလွဲ၍ သူသွားရာလမ်းများထဲသို့ မသွားနှင့်။
7:26 အကြောင်းမူကား သူသည် များစွာသောသူတို့ကိုဒဏ်ရာရစေ၍ လဲကျစေခဲ့၏။ သူ၏သတ်ဖြတ်ခြင်းခံရသောသူအားလုံးသည် အင်အားကြီးသောသူများဖြစ်ကြ၏။
7:27 သူ၏အိမ်သည် သေခြင်း၏အတွင်းခန်းများသို့ ဆင်းသွားသည့် မရဏာနိုင်ငံသို့သွားရာလမ်းများဖြစ်၏။