Proverbs 8
8:1 ဉာဏ်ပညာသည် ဟစ်ခေါ်၍ ထိုးထွင်းဉာဏ်သည် မိမိ၏အသံကိုလွှင့်သည်မဟုတ်လော။
8:2 ၎င်းသည် မြင့်သောအရပ်၏ထိပ်၊ လမ်းဘေး၊ လမ်းဆုံလမ်းခွတို့၌ရပ်လျက်
8:3 မြို့တံခါးတို့အနား၊ မြို့အဝင်ဝ၊ တံခါးတို့၏အပေါက်ဝ၌ ကြွေးကြော်သည်မှာ
8:4 အချင်းလူတို့၊ သင်တို့ကိုငါခေါ်၏။ ငါ့အသံကို လူသားတို့ထံသို့ ငါလွှင့်၏။
8:5 အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။
8:6 နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။
8:7 အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်သည် သမ္မာတရားကိုပြောဆို၍ ငါ၏နှုတ်ခမ်းသည် ဆိုးယုတ်မှုကိုစက်ဆုပ်ရွံရှာ၏။
8:8 ငါ၏နှုတ်ထွက်စကားရှိသမျှသည် ဖြောင့်မတ်၍ ၎င်းတို့တွင် ဉာဏ်များသောသဘော၊ ကောက်ကျစ်သောသဘောမရှိ။
8:9 ထိုစကားအားလုံးတို့သည် အသိဉာဏ်ရှိသောသူအတွက် မှန်ကန်၍ အသိပညာကိုတွေ့ရှိသောသူတို့အတွက် ဖြောင့်မှန်၏။
8:10 ငွေအစား ငါ၏ဆုံးမပဲ့ပြင်ခြင်းကိုရယူကြလော့။ ရွှေစင်အစား အသိပညာကို ရယူကြလော့။
8:11 အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
8:12 ငါ ဉာဏ်ပညာသည် ဆင်ခြင်ဉာဏ်နှင့်အတူနေ၍ အလိမ္မာဉာဏ်နှင့်ဆိုင်သောအသိပညာကို ငါတွေ့၏။
8:13 ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
8:14 ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
8:15 ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရ၍ အုပ်ချုပ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို ပြဋ္ဌာန်းနိုင်ကြ၏။
8:16 အကြီးအကဲများ၊ မင်းအရာရှိများနှင့် ဖြောင့်မတ်စွာတရားစီရင်သောသူအားလုံးတို့သည် ငါ့အားဖြင့် အုပ်စိုးရကြ၏။
8:17 ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။
8:18 ဓနဥစ္စာနှင့်ဂုဏ်သရေ၊ တည်မြဲသောစည်းစိမ်ဥစ္စာနှင့် ဖြောင့်မတ်ခြင်းသည် ငါနှင့်အတူရှိ၏။
8:19 ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။ ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။
8:20 ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားမျှတခြင်းလမ်း၏အလယ်၌ လျှောက်သွား၍
8:21 ငါ့ကိုချစ်သောသူတို့အား စည်းစိမ်ချမ်းသာကိုအမွေဆက်ခံစေလျက် သူတို့၏ဘဏ္ဍာတိုက်များကို ပြည့်စေ၏။
8:22 ထာဝရဘုရားသည် ရှေးယခင် မိမိ၏အမှုတော်များကိုမစတင်မီ၊ မိမိလုပ်ဆောင်မှု၏အစအဦးကပင် ငါ့ကိုပိုင်သတော်မူ၏။
8:23 ထာဝရကာလ၊ ကနဦးကာလ၊ မြေကြီးကိုမဖန်ဆင်းမီကာလကပင် ငါသည် ခန့်အပ်ထားခြင်းခံရပြီ။
8:24 နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။
8:25 တောင်များကိုမဖြစ်ပေါ်စေမီ၊ တောင်ကုန်းများမရှိမီ၊
8:26 မြေကြီး၊ ကွင်းပြင်များနှင့် ကမ္ဘာကြီး၏အဦးဆုံးသောမြေမှုန့်များကို ဖန်ဆင်းတော်မမူမီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။
8:27 မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊
8:28 အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊
8:29 ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
8:30 ငါသည် လက်မှုပညာရှင်ကဲ့သို့ ကိုယ်တော်၏အနားတွင်ရှိ၍ နေ့စဉ်နေ့တိုင်း ကိုယ်တော်၏ကြည်နူးတော်မူရာဖြစ်ခဲ့ပြီး ရှေ့တော်၌ အစဉ်အမြဲပျော်မြူး၏။
8:31 ငါသည် ကိုယ်တော်၏ကမ္ဘာမြေကြီးတစ်ခုလုံးအတွက် ပျော်မြူး၍ လူသားတို့၌ ကြည်နူးလျက်နေ၏။
8:32 သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
8:33 ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်၍ ဉာဏ်ပညာရှိကြလော့။ ၎င်းကိုလျစ်လျူမရှုကြနှင့်။
8:34 ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
8:35 အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
8:36 ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။