Library · my

Song of Songs 1

1:1 သီချင်း​တကာ​တို့​တွင် အသာယာဆုံး​ဖြစ်​သည့် ရှောလမုန်​မင်းကြီး​၏​သီချင်း​။ 1:2 “​အရှင်​သည် အကျွန်ုပ်​ကို နှုတ်ခမ်း​အနမ်း​ဖြင့် နမ်း​ပါစေသော​။ အရှင့်​မေတ္တာ​သည် စပျစ်ဝိုင်​ထက် ချိုမြိန်​ပါ​၏​။ 1:3 အရှင်​၏​နံ့သာဆီရနံ့​သည် အလွန်​မွှေးကြိုင်​ပါ​၏​။ အရှင့်​နာမ​သည် ဆွတ်​ထား​သော​နံ့သာဆီ​ကဲ့သို့ မွှေး​ပါ​၏​။ ထို့ကြောင့် မိန်းမပျို​တိုင်း အရှင့်​ကို ချစ်နှစ်သက်​ကြ​ပါ​၏​။ 1:4 အကျွန်ုပ်​ကို ဆွဲခေါ်​သွား​ပါ​။ အကျွန်ုပ်​တို့ ပြေး​ကြ​ပါစို့​။ ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အတွင်းခန်း​သို့ ခေါ်ဆောင်​သွား​ပါ​၏​။” “အကျွန်ုပ်​တို့ ရွှင်လန်း​ဝမ်းမြောက်​ကြ​ပါ​၏​။ စပျစ်ဝိုင်​ထက် အရှင့်​မေတ္တာ​အကြောင်း​ကို ချီးမွမ်း​ကြ​ပါ​မည်​။ အရှင့်​ကို အမှန်တကယ်​ချစ်​ကြ​ပါ​၏​။” 1:5 “အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​သည် အသားမည်း​သော်လည်း ချစ်စရာကောင်း​ပါ​၏​။ ကေဒါ​တဲ​များ​၊ ရှောလမုန်​မင်းကြီး​၏​ရွက်ထည်​များ​နှင့် တူ​ပါ​၏​။ 1:6 အကျွန်ုပ်​သည် နေလောင်​ခံရ​၍ အသားမည်း​သဖြင့် အကျွန်ုပ်​ကို မ​ကြည့်​ပါ​နှင့်​။ အကျွန်ုပ်​နှင့်​တစ်မိတည်း​ဖွား​သော​သား​တို့​သည် အကျွန်ုပ်​ကို စိတ်ဆိုး​၍ စပျစ်ခြံစောင့်​အဖြစ် ထား​ပါ​၏​။ ကိုယ့်​စပျစ်ခြံ​ကို​ပင် ကိုယ်​မ​စောင့်​ရ​ပါ​။ 1:7 အကျွန်ုပ်​ချစ်မြတ်နိုး​ရ​သော​အရှင်​၊ သိုး​တို့​ကို အဘယ်မှာ ထိန်းကျောင်း​သနည်း​။ မွန်းတည့်​သောအခါ အဘယ်မှာ​လဲလျောင်း​နား​နေ​စေ​သနည်း​။ အကျွန်ုပ်​ကို ပြောပြ​ပါ​။ အဘယ်ကြောင့် အရှင့်​မိတ်ဆွေ​တို့​၏ သိုးအုပ်​များ​ကြားတွင် အကျွန်ုပ်​သည် ပုန်းလျှိုးကွယ်လျှိုး​နေ​ရ​ပါ​မည်နည်း​။” 1:8 “မိန်းမ​တကာ​တို့​ထက် အဆင်းလှ​သော​မိန်းမ​၊ သင်​မ​သိ​လျှင် သိုး​တို့​နောက်သို့ ခြေရာခံ​လိုက်​ပါ​။ သိုးထိန်း​တို့​၏​တဲ​နား​တွင် သင့်​ဆိတ်သငယ်​တို့​ကို ထိန်းကျောင်း​ပါ​။ 1:9 ငါ့​ချစ်သူလေး​၊ သင့်​ကို ဖာရော​မင်းကြီး​၏ စစ်ရထား​၌​က​သော မြင်းမလေး​နှင့် တင်စား​မည်​။ 1:10 ခြယ်သ​ထား​သော​သင့်​ပါး​တို့​သည် တင့်တယ်​လှ​ပေ​၏​။ သင့်​လည်တိုင်​သည်​လည်း လည်ဆွဲရတနာ​တို့​ဖြင့် တင့်တယ်​လှ​ပေ​၏​။​” 1:11 “​သင့်​အဖို့ ငွေ​ပုတီးလုံး​စီချယ်​ထား​သော ရွှေ​တန်ဆာ​များ​ကို ငါ​တို့​ပြုလုပ်​ပေး​မည်​။​” 1:12 “ရှင်ဘုရင်​သည် စားပွဲဝိုင်း​၌​ထိုင်​စဉ် အကျွန်ုပ်​၏​နာဒု​ဆီမွှေး​ရနံ့​သည် ပျံ့လွင့်​မွှေးကြိုင်​လျက် ရှိ​ပါ​၏​။ 1:13 အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​၏​ရင်သား​ကြား​၌ တစ်ညလုံး​ရှိ​နေ​သော မုရန်​အိတ်ငယ်​နှင့် တူ​ပါ​၏​။ 1:14 အကျွန်ုပ်​ချစ်သူ​သည် အင်္ဂေဒိ​စပျစ်ခြံ​မှ ဟင်္နာ​ပန်း​ခိုင်​နှင့် တူ​ပါ​၏​။” 1:15 “​ကြည့်​ပါ​။ ငါ့​ချစ်သူလေး​၊ သင်​သည် အဆင်းလှ​ပေ​၏​။ ကြည့်​ပါ​။ သင်​သည် အဆင်းလှ​ပေ​၏​။ သင့်​မျက်လုံး​များ​လည်း ချိုးငှက်​မျက်လုံး​နှင့် တူ​ပါ​၏​။​” 1:16 “​ကြည့်​ပါ​လော့​။ အကျွန်ုပ်​ချစ်သူ​၊ အရှင်​သည် အလွန်​ခန့်ညား​ပါ​၏​။ နှစ်လိုဖွယ်​ကောင်း​ပါ​၏​။ အကျွန်ုပ်​တို့​အိပ်ရာ​သည် စိမ်းလန်းစိုပြည်​လှ​ပါ​၏​။ 1:17 သစ်ကတိုး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ရက်မ​၊ ထင်းရှူး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ဒိုင်း ဖြစ်​ပါ​၏​။