Song of Songs 2
2:1 အကျွန်ုပ်သည် ရှာရုန်အရပ်၌ပွင့်သောနှင်းဆီပန်း၊ လွင်ပြင်၌ပွင့်သောနှင်းပန်း ဖြစ်ပါ၏။”
2:2 “မိန်းမပျိုတို့အလယ်တွင် ငါ့ချစ်သူလေးသည် ဆူးပင်များကြားမှနှင်းပန်းကဲ့သို့ ဖြစ်ပါ၏။”
2:3 “ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
2:4 အရှင်သည် အကျွန်ုပ်ကို စားသောက်ပွဲကျင်းပရာအိမ်သို့ ခေါ်သွားပါ၏။ အကျွန်ုပ်ပေါ်၌ရှိသောအရှင်၏အောင်လံသည် မေတ္တာဖြစ်ပါ၏။
2:5 အချစ်နာကျနေသောအကျွန်ုပ်ကို စပျစ်သီးခြောက်ကျွေး၍ အားဖြည့်ပေးပါ၏။ ပန်းသီးကျွေး၍လည်း လန်းဆန်းစေပါ၏။
2:6 အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံး ဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကို ပွေ့ဖက်ထားပါ၏။
2:7 အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။
2:8 အကျွန်ုပ်ချစ်သူ၏အသံပါတကား။ ကြည့်ပါ။ တောင်တန်းများကို ကျော်လွှားလျက်၊ တောင်ကုန်းများတွင် ခုန်ပျံလျက် လာနေပြီ။
2:9 အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
2:10 အကျွန်ုပ်ချစ်သူက အကျွန်ုပ်အား ‘လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
2:11 ကြည့်ပါ။ ဆောင်းရာသီ ကုန်ပြီ။ မိုးလည်း ကုန်ဆုံးဆုတ်ခွာသွားလေပြီ။
2:12 မြေပေါ်မှာ ပန်းများ ပွင့်လေပြီ။ တေးသီချင်းသီဆိုချိန်ရောက်ပြီ။ ငါတို့ပြည်တွင် ချိုးကူသံလည်းကြားရပြီ။
2:13 သဖန်းပင်မှ သဖန်းသီးစိမ်းများလည်း မှည့်စပြုလာပြီ။ စပျစ်ပင်များလည်း အပွင့်ပွင့်၍ မွှေးကြိုင်လေပြီ။ လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
2:14 ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
2:15 “အကျွန်ုပ်တို့၏စပျစ်ပင်တို့ ပွင့်လေပြီ။ စပျစ်ပင်တို့ကို ဖျက်ဆီးနေသော မြေခွေးကြီးမြေခွေးငယ်များကို ဖမ်းဆီးပေးကြပါ။”
2:16 “အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။
2:17 အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။