Song of Songs 7
7:1 အို မင်းသမီး၊ ခြေနင်းစီးထားသောသင့်ခြေထောက်များသည် အလွန်လှပပါသည်တကား။ သင်၏တင်သည် လက်မှုပညာသည်ကဖန်တီးလိုက်သော အနုပညာလက်ရာနှင့်တူပါ၏။
7:2 သင်၏ချက်သည် စပျစ်ဝိုင်အမြဲဖြည့်ထားသည့် လုံးဝန်းသောဖလားနှင့်တူပါ၏။ ဝမ်းဗိုက်သည် နှင်းပန်းရံထားသောဂျုံစပါးပုံနှင့်တူပါ၏။
7:3 သင့်ရင်သားနှစ်မြွှာသည် သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်နှင့်တူပါ၏။
7:4 သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
7:5 သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
7:6 အို အချစ်လေး၊ သင်သည် အလွန်အဆင်းလှပါ၏။ အလွန်နှစ်သက်ဖွယ်ကောင်းပါ၏။ အလွန်စွဲမက်စရာကောင်းလှပါ၏။
7:7 သင်၏အရပ်အမောင်းသည် စွန်ပလွံပင်နှင့်တူ၍ ရင်သားတို့သည်လည်း စွန်ပလွံသီးပြွတ်နှင့်တူပါ၏။
7:8 ‘ငါသည် စွန်ပလွံပင်ပေါ်တက်ပြီး အကိုင်းကိုကိုင်မည်’ဟု ငါဆို၏။ သင့်ရင်သားတို့သည် စပျစ်သီးခိုင်ကဲ့သို့၊ သင်အသက်ရှူထုတ်သောလေသည် ပန်းသီးရနံ့ကဲ့သို့ ဖြစ်ပါစေ။
7:9 သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
7:10 အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်၍ အကျွန်ုပ်ကိုသာ လိုအပ်ပါ၏။
7:11 အကျွန်ုပ်ချစ်သူ၊ လာပါ။ ကျေးလက်များသို့ သွားကြစို့။ တောရွာများတွင် ညအိပ်နားကြစို့။
7:12 စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
7:13 ဒူးဒဲပင်တို့ ရနံ့မွှေးကြိုင်လေပြီ။ အို အကျွန်ုပ်ချစ်သူ၊ အရှင့်အဖို့ အရသာရှိသော သစ်သီးအစိမ်းအမှည့်အမျိုးမျိုးကို တံခါးနားတွင် အကျွန်ုပ်သိုထားပါပြီ။