Song of Songs 8
8:1 အရှင့်ကို အကျွန်ုပ်နှင့် အမိနို့စို့ဖက်မောင်နှမ ဖြစ်စေချင်ပါ၏။ သို့ဖြစ်ပါက အရှင်နှင့် အပြင်မှာတွေ့၍ အရှင့်ကိုနမ်းလျှင်လည်း အကျွန်ုပ်ကို တစ်ပါးသူတို့ မထီမဲ့မြင်ပြုမည်မဟုတ်ပါ။
8:2 အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
8:3 အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံးဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကိုပွေ့ဖက်ထားပါ၏။
8:4 အို ဂျေရုဆလင်သမီးပျို၊ အကျွန်ုပ်အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကိုမနှိုးပါ၊ မထစေပါဟု ကျိန်ဆိုပါလော့။”
8:5 “ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
8:6 အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
8:7 အချစ်ကို ရေလုံးကြီးနှင့် ငြှိမ်းသတ်၍မရ။ မြစ်ရေများလည်း မတိုက်စားနိုင်။ လူသည် အချစ်ကိုရဖို့ အိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပေးလျှင်ပင် လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုသာခံရလိမ့်မည်။”
8:8 “အကျွန်ုပ်တို့၌ ငယ်ရွယ်သောညီမတစ်ဦးရှိပါ၏။ သူသည် သားမြတ်ပင်မပေါ်သေး။ သူ့ကို လာရောက်တောင်းရမ်းသောနေ့တွင် အကျွန်ုပ်တို့ မည်သို့ပြုပေးရပါမည်နည်း။
8:9 သူသည် မြို့ရိုးဖြစ်လျှင် ထိုအပေါ်တွင် ငွေပြအိုးကိုတည်မည်။ သူသည် တံခါးဖြစ်လျှင် သူ့ကိုသစ်ကတိုးသားဖြင့် ဆောက်လုပ်မည်။”
8:10 “အကျွန်ုပ်သည် မြို့ရိုးဖြစ်၍ အကျွန်ုပ်၏သားမြတ်တို့သည် မျှော်စင်နှင့်တူပါ၏။ ထို့ကြောင့် အရှင့်မျက်လုံးထဲတွင် အကျွန်ုပ်သည် အေးချမ်းမှုကိုပေးသောသူဖြစ်ပါ၏။
8:11 ဗာလဟာမုန်အရပ်တွင် ရှောလမုန်မင်းကြီး၏စပျစ်ခြံရှိ၏။ ထိုစပျစ်ခြံကို ခြံလုပ်သားတို့လက်သို့ အပ်ထား၏။ သူတို့သည် စပျစ်သီးဖိုး ငွေစတစ်ထောင်စီ ဆက်သရ၏။
8:12 အကျွန်ုပ်ပိုင်သော စပျစ်ခြံသည် အကျွန်ုပ်ရှေ့၌ ရှိပါ၏။ အို ရှောလမုန်မင်းကြီး၊ အရှင်က ငွေစတစ်ထောင်ယူပါ။ စပျစ်ခြံလုပ်သားတို့ကား ငွေစနှစ်ရာယူပါ။”
8:13 “ဥယျာဉ်များတွင်နေသောသူ၊ သင့်အသံကို သင့်အပေါင်းအဖော်တို့ နားစွင့်နေပါ၏။ ငါလည်း သင့်အသံကိုကြားပါရစေ။”
8:14 “အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”