Isaiah 29
29:1 အရေလမြို့၊ အရေလမြို့၊ ဒါဝိဒ်မင်းကြီးစခန်းချရာမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပြီးတစ်နှစ် ထပ်၍ထပ်၍ ပွဲတို့ကို အလှည့်ကျကျင်းပကြပါစေဦး။
29:2 သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလ ကဲ့သို့ ဖြစ်မည်။
29:3 ငါသည် သင့်ပတ်လည်၌ တပ်စခန်းချမည်။ သင့်ကို တံတိုင်းကာပြီးဝိုင်းထားမည်။ မြေကတုတ်များကိုလည်း တူးမည်။
29:4 သင်သည် နိမ့်ကျ၍ မြေကြီးထဲမှ စကားပြောလိမ့်မည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ မပွင့်တပွင့်ထွက်ပေါ်လာမည်။ သင့်အသံသည် တစ္ဆေ၏အသံကဲ့သို့ မြေကြီးထဲမှ ထွက်ပေါ်လာမည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ တိုးတိုးသာထွက်ပေါ်လာမည်။
29:5 သို့သော် သင့်ရန်သူအလုံးအရင်းသည် ဖုန်မှုန့်ကဲ့သို့ဖြစ်မည်။ ကြမ်းကြုတ်သူအလုံးအရင်းသည် လွင့်မျောနေသောဖွဲကဲ့သို့ ဖြစ်မည်။ ထိုကဲ့သို့ ရုတ်ခြည်းဖြစ်မည်။
29:6 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိုးချုန်းခြင်း၊ ငလျင်လှုပ်၍အသံမြည်ဟည်းခြင်း၊ လေပွေနှင့်မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောက်မီးလျှံလောင်ကျွမ်းခြင်းတို့ဖြင့် သင့်ကို ဒဏ်ခတ်မည်။
29:7 အရေလမြို့ကို တိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်း၊ ထိုမြို့၏ခံတပ်ကိုတိုက်ခိုက်၍ ထိုမြို့ကိုအကျပ်အတည်းထဲသို့ရောက်စေသောသူအပေါင်းတို့သည် ညအိပ်မက်ဗျာဒိတ်နိမိတ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
29:8 ဆာလောင်မွတ်သိပ်သောသူသည် အိပ်မက်ထဲ၌ စားရသည်ဟုမက်သော်လည်း နိုးလာသောအခါ ဆာလောင်လျက်ပင်ရှိသကဲ့သို့၊ ရေငတ်သောသူသည် အိပ်မက်ထဲ၌ ရေသောက်ရသည်ဟုမက်သော်လည်း နိုးလာသောအခါ မောပန်း၍ရေဆာလျက်ပင်ရှိသကဲ့သို့ ဇိအုန်တောင်ကိုတိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်းတို့သည် ဖြစ်လိမ့်မည်။
29:9 မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။
29:10 အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
29:11 နိမိတ်ရှိသမျှသည် သင်တို့အတွက် ချိပ်ပိတ်ထားသောစာလိပ်ကဲ့သို့ ဖြစ်ပြီ။ ထိုစာလိပ်ကို စာဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟုဆိုလျှင် ထိုသူက “ဤစာလိပ်ကို ချိပ်ပိတ်ထားသည်ဖြစ်၍ ငါမဖတ်နိုင်ပါ”ဟု ပြန်ပြောလိမ့်မည်။
29:12 ထိုစာလိပ်ကို စာမဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟု ဆိုလျှင် ထိုသူက “ငါ စာမဖတ်တတ်ပါ”ဟု ပြန်ပြောလိမ့်မည်။
29:13 ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
29:14 ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် ဤလူမျိုးကိုအံ့ဩစေမည့် အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ပြုမည်။ သူတို့ထဲမှ ပညာရှိတို့၏ဉာဏ်ပညာသည် ပျက်စီးသွားမည်။ အသိဉာဏ်ရှိသူတို့၏အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားမည်” ဟု မိန့်တော်မူ၏။
29:15 ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
29:16 သင်တို့သည် ကပြောင်းကပြန်လုပ်ကြပါသည်တကား။ အိုးထိန်းသည်ကို ရွှံ့စေးကဲ့သို့မှတ်ယူသင့်သလော။ အပြုခံက ပြုသူအား “ဤသူသည် ငါ့ကိုပြုလုပ်ခဲ့သည်မဟုတ်”ဟု ဆိုသင့်သလော။ ဖန်ဆင်းခံက ဖန်ဆင်းသူအား “ဤသူသည် အသိဉာဏ်မရှိ”ဟု ဆိုသင့်သလော။
29:17 တစ်ခဏတာအတွင်း လက်ဘနွန်တောင်သည် သီးနှံဖြစ်ထွန်းသောမြေဖြစ်သွားမည်။ သီးနှံဖြစ်ထွန်းသောမြေသည် တောအုပ်ကဲ့သို့ထင်မှတ်ခံရမည် မဟုတ်လော။
29:18 ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
29:19 စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
29:20 အကြောင်းမူကား ကြမ်းကြုတ်သောသူတို့သည် ရှိတော့မည်မဟုတ်။ ပြက်ရယ်ပြုတတ်သောသူတို့သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ဒုစရိုက်ပြုရန် ချောင်းမြောင်းနေသောသူ၊
29:21 စကားအားဖြင့် လူကိုအပြစ်ပြုစေသောသူ၊ မြို့တံခါးဝတွင် အဆုံးအဖြတ်ပေးသူကိုထောင်ချောက်ဆင်သောသူ၊ ဖြောင့်မတ်သောသူကို အကြောင်းမဲ့ဘေးဖယ်သူ အပေါင်းတို့သည် ဖယ်ရှားခြင်းခံရမည်။
29:22 အာဗြဟံကို ရွေးနုတ်ကယ်တင်သောထာဝရဘုရားက ယာကုပ်အမျိုးအနွယ်အား “ယာကုပ်သည် အရှက်ကွဲရတော့မည်မဟုတ်။ မျက်နှာပျက်ရတော့မည်မဟုတ်။
29:23 ငါပြုသောအမှုကြောင့် သူ့သားသမီးတို့သည် သူနှင့်အတူရှိနေသည်ကို မြင်သောအခါ ငါ့နာမကိုသန့်ရှင်းစေလိမ့်မည်။ ယာကုပ်၏သန့်ရှင်းသောအရှင်ကို ရိုသေ၍ အစ္စရေးတို့၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
29:24 စိတ်သဘောလွဲမှားသောသူတို့သည် အသိဉာဏ်ကိုရရှိကြလိမ့်မည်။ ညည်းတွားသောသူတို့သည် ပညာကို ခံယူကြလိမ့်မည်”ဟု မိန့်တော်မူ၏။