Isaiah 30
30:1 ထာဝရဘုရားက “ဆန့်ကျင်ပုန်ကန်သောသားသမီးတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့အကြံအစည်မဟုတ်သော အကြံအစည်ကိုကြံစည်ကြ၏။ ငါ၏ဝိညာဉ်တော်အားဖြင့်မဟုတ်ဘဲ သူတို့သဘောအတိုင်း မဟာမိတ်ဖွဲ့ကြ၏။ ဤသို့ဖြင့် အပြစ်တစ်ခုပြီးတစ်ခုထပ်ဆင့်ပြုကြ၏။
30:2 ငါ၏ဗျာဒိတ်တော်ကိုမမေးမြန်းဘဲ ဖာရောမင်းကြီး၏အကာအကွယ်အောက်၌ နားခိုရာကိုရှာပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
30:3 သို့သော် ဖာရောမင်းကြီး၏အကာအကွယ်သည် သင်တို့အတွက် အရှက်ကွဲစရာဖြစ်ပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံခြင်းသည် သင်တို့အတွက် အသရေပျက်စရာဖြစ်လိမ့်မည်။
30:4 သူ၏အကြီးအကဲတို့သည် ဇောနမြို့၌ရှိ၍ သူ၏သံတမန်တို့သည် ဟာနက်မြို့သို့ရောက်ကြပြီ။
30:5 သူတို့ကိုအကျိုးမပြုသောလူမျိုးကြောင့် အားလုံးအရှက်ကွဲကြရ၏။ ထိုလူမျိုးသည် သူတို့အတွက် အထောက်အကူမဖြစ် အကျိုးမပြုဘဲ အရှက်ကွဲစရာ၊ ကဲ့ရဲ့ပြစ်တင်စရာသာဖြစ်စေ၏”ဟု မိန့်တော်မူ၏။
30:6 နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
30:7 အီဂျစ်ပြည်၏အကူအညီသည် အချည်းနှီးသက်သက်ဖြစ်၏။ ထို့ကြောင့် ထိုပြည်ကို ရာဟပ်ဟိမ်ရှာဗက် ဟု ငါခေါ်ဝေါ်၏။
30:8 နောင်လာမည့်ကာလအတွက် ထာဝရသက်သေဖြစ်စေရန် ယခု သွား၍ သူတို့ရှေ့၌ ထိုစာကို ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားလော့။ စာလိပ်တွင် ရေးမှတ်ထားလော့။
30:9 အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောလူမျိုး၊ လိမ်ညာတတ်သောသားသမီးများ၊ ထာဝရဘုရား၏ပညတ်တရားကို မနာခံလိုသော သားသမီးများ ဖြစ်ကြ၏။
30:10 သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။
30:11 ဤလမ်းမှ ထွက်သွားကြပါ။ ဤလမ်းမှ ရှောင်သွားကြပါ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို ငါတို့ရှေ့မှ ကွယ်ပျောက်စေကြပါ”ဟု ဆိုတတ်ကြ၏။
30:12 ထို့ကြောင့် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်က “သင်တို့သည် ဤနှုတ်ကပတ်တော်ကိုပယ်၍ ဖိနှိပ်ချုပ်ချယ်သူ၊ သွေဖည်လွဲမှားသူတို့ကို ကိုးစားမှီဝဲကြ၏။
30:13 ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
30:14 အိုးထိန်းသည်သည် အိုးကိုမနှမြောဘဲ ခွဲလိုက်သဖြင့် အကျိုးအပဲ့များကြားတွင် မီးဖိုထဲမှမီးကိုကော်ယူ၍ရလောက်သော၊ ရေတိုင်ကီထဲမှရေကိုခပ်ယူ၍ရလောက်သော အိုးခြမ်းပဲ့တစ်ခုမျှမတွေ့ရသည်အထိ ကွဲကြေသွားသောအိုးကဲ့သို့ ကျိုးပဲ့သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
30:15 အကယ်စင်စစ် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် နောင်တရ ၍ ငြိမ်းချမ်းစွာနေလျှင် ကယ်တင်ခြင်းခံရမည်။ ငြိမ်ဝပ်ခြင်းသည် သင်တို့၏ခွန်အား၊ ယုံကြည်ခြင်းသည် သင်တို့၏ခွန်အားဖြစ်မည်”ဟု မိန့်တော်မူ၏။ သို့သော် သင်တို့သည် ထိုသို့ အလိုမရှိကြ။
30:16 သင်တို့က “ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ထွက်ပြေးမည်”ဟု ဆိုသောကြောင့် သင်တို့ထွက်ပြေးရလိမ့်မည်။ “ငါတို့သည် အပြေးမြန်သောမြင်းကိုစီးသွားမည်”ဟု ဆိုသောကြောင့် သင်တို့ကိုလိုက်သောသူတို့သည် အလျင်အမြန်လိုက်လိမ့်မည်။
30:17 ခြိမ်းခြောက်သူတစ်ယောက်၏ရှေ့တွင် လူတစ်ထောင်ပြေးရလိမ့်မည်။ တောင်ထိပ်ပေါ်မှအလံတိုင်ကဲ့သို့၊ တောင်ကုန်းပေါ်မှ အချက်ပြအလံကဲ့သို့ ကျန်ရစ်ရသည့်တိုင်အောင် ခြိမ်းခြောက်သူငါးယောက်ရှေ့တွင် သင်တို့ထွက်ပြေးရလိမ့်မည်။
30:18 ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။
30:19 ဂျေရုဆလင်မြို့တွင်နေထိုင်သော အို ဇိအုန်မြို့သားတို့၊ သင်တို့ ငိုကြွေးရတော့မည်မဟုတ်။ ကိုယ်တော်သည် သင်တို့အော်ဟစ်သောအခါ သင်တို့ကို အမှန်ပင်သနားတော်မူမည်။ သင်တို့အော်ဟစ်သံကို ကြားသောအခါ ထူးတော်မူမည်။
30:20 ဘုရားရှင်သည် သင်တို့အား ဒုက္ခမုန့်၊ ဖိနှိပ်ခြင်းရေကို ပေးတော်မူသော်လည်း သင်တို့၏ဆရာတို့သည် ပုန်းရှောင်ကြရတော့မည်မဟုတ်။ သင်တို့၏ဆရာတို့ကို သင်တို့မျက်စိဖြင့် မြင်ကြရမည်။
30:21 သင်တို့သည် လက်ယာဘက်၊ သို့မဟုတ် လက်ဝဲဘက်သို့ လှည့်သောအခါ “ဤလမ်းသည် မှန်၏။ ဤလမ်းအတိုင်း သွားလော့”ဟု သင်တို့နောက်၌ပြောသောစကားကို သင်တို့၏နားဖြင့် ကြားကြရမည်။
30:22 သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
30:23 ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
30:24 လယ်မြေထွန်ယက်သောနွား၊ မြည်းတို့သည်လည်း ဂေါ်ပြား၊ ကောက်ဆွတို့ဖြင့် ရွေးထုတ်ထားသည့် သန့်စင်သောအစာကို စားရကြမည်။
30:25 သတ်ဖြတ်မှုနေ့ကြီး၌ ရဲတိုက်များပြိုလဲသောအခါ မြင့်မားသောတောင်၊ အထွတ်အမြတ်ထားသောတောင်ကုန်း ရှိသမျှတို့ပေါ်၌ ချောင်းရေများစီးမည်။
30:26 ထာဝရဘုရားသည် မိမိလူမျိုးတော်၏ဒဏ်ရာကို ပတ်စည်းပေး၍ မိမိဒဏ်ခတ်တော်မူသည့်အနာကို ပျောက်ကင်းစေတော်မူသောနေ့ရက်၌ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်မည်။ နေ၏အလင်းသည် ခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းကဲ့သို့ လင်းမည်။
30:27 ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် တောက်လောင်နေသောအမျက်တော်၊ ထူထပ်သည့်မီးခိုးလုံးတို့ဖြင့် ဝေးလံသောအရပ်မှလာ၏။ ကိုယ်တော်၏နှုတ်သည် အမျက်ဒေါသနှင့်ပြည့်၏။ ကိုယ်တော်၏လျှာသည် တောက်လောင်နေသောမီးကဲ့သို့ဖြစ်၏။
30:28 ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။
30:29 သင်တို့သည် သန့်ရှင်းသောပွဲတော်ကျင်းပသည့်ည၌ကဲ့သို့ သီချင်းဆိုရမည်။ အစ္စရေးလူမျိုးတို့၏ကျောက်ဆောင်ဖြစ်သော ထာဝရဘုရား၏တောင်သို့ ပလွေမှုတ်လျက်သွားသောသူကဲ့သို့ စိတ်နှလုံးဝမ်းမြောက်ခြင်းရှိမည်။
30:30 ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
30:31 အကယ်စင်စစ် အဆီးရီးယားပြည်သည် ထာဝရဘုရား၏အသံတော်ကြောင့် ကြောက်လန့်ကြလိမ့်မည်။ ကိုယ်တော်သည် သူတို့ကို ကြိမ်လုံးတော်ဖြင့် ဒဏ်ခတ်တော်မူမည်။
30:32 ထာဝရဘုရားက သူတို့ကို အပြစ်ဒဏ်ပေးသည့် တုတ်တော်၏ရိုက်ချက်တိုင်းမှာ ပတ်သာနှင့် စောင်းသံတို့ ထွက်ပေါ်လိမ့်မည်။ ကိုယ်တော်သည် လက်ကိုဝှေ့ယမ်းလျက် သူတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော်မူမည်။
30:33 အကယ်စင်စစ် တောဖက် အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။