Isaiah 31
31:1 အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
31:2 ကိုယ်တော်သည် ဉာဏ်ပညာရှိတော်မူ၏။ ဘေးအန္တရာယ်ကို ကျရောက်စေမည်။ စကားတော်ကို မရုပ်သိမ်းဘဲ ဆိုးညစ်သောအမျိုးကို ဆန့်ကျင်ရန် ထတော်မူမည်။ အပြစ်ဒုစရိုက်ပြုသူတို့အား ကူညီသူကို ဆန့်ကျင်ရန် ထတော်မူမည်။
31:3 အီဂျစ်ပြည်သားတို့သည် ဘုရားမဟုတ်၊ လူမျှသာဖြစ်၏။ သူတို့၏မြင်းသည်လည်း ဝိညာဉ်မဟုတ်၊ အသွေးအသားမျှသာဖြစ်၏။ ထာဝရဘုရား လက်တော်ကိုဆန့်သောအခါ ကူညီသောသူသည် ခလုတ်တိုက်၍ အကူညီခံရသူသည် လဲကျလိမ့်မည်။ သူတို့အားလုံးသည် အတူတကွပျက်စီးကြလိမ့်မည်။
31:4 ထာဝရဘုရားက “ခြင်္သေ့ကြီးနှင့် ခြင်္သေ့ပျိုက သားကောင်ကို မာန်ဖီသောအခါ သိုးထိန်းအပေါင်းတို့ကိုခေါ်၍ ခြောက်လှန့်စေသော်လည်း သိုးထိန်းတို့၏အသံကိုမကြောက်၊ သူတို့၏ဆူဆူညံညံအသံကို မလန့်။ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ရန် ဇိအုန်တောင်၊ ဇိအုန်တောင်ကုန်းပေါ်၌ဆင်းသက်တော်မူမည်။
31:5 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို ကာကွယ်တော်မူမည်။ ရစ်ဝဲနေသောငှက်ကဲ့သို့ ကာကွယ်၍ ကယ်နုတ်တော်မူမည်။ ချမ်းသာပေး၍ လွတ်မြောက်စေတော်မူမည်”ဟု ငါ့အား မိန့်တော်မူ၏။
31:6 အစ္စရေးအမျိုးသားတို့၊ သင်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ပုန်ကန်ခဲ့သော အရှင်ထံသို့ ပြန်လာကြလော့။
31:7 ထိုနေ့ရက်၌ သင်တို့လက်ဖြင့်လုပ်သော၊ သင်တို့ကိုအပြစ်ဖြစ်စေသော ငွေရုပ်တု၊ ရွှေရုပ်တုများကို လူတိုင်း စွန့်ပစ်ကြလိမ့်မည်။
31:8 “အဆီးရီးယားသည် လူ့ဓားမဟုတ်သောဓားဖြင့် ကျဆုံးလိမ့်မည်။ လူ့ဓားမဟုတ်သောဓားသည် သူ့ကိုဝါးမျိုမည်။ သူသည် ဓားဘေးမှထွက်ပြေးရမည်။ သူ၏လူပျိုတို့သည် အခိုင်းအစေဖြစ်ကြရမည်။
31:9 သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။