Jeremiah 47
47:1 ဂါဇမြို့ကို ဖာရောမင်းကြီး မတိုက်ခိုက်မီ ဖိလိတ္တိလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာ၏။
47:2 ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။
47:3 မြင်းခွာသံတခွပ်ခွပ်၊ စစ်ရထားသံတဂျုန်းဂျုန်း၊ ဘီးလိမ့်သံတဒုန်းဒုန်းကြောင့် ဖခင်တို့သည် လက်မှိုင်ချ၍ သူတို့၏ကလေးများကိုပင် လှည့်မကြည့်နိုင်ကြ။
47:4 ဖိလိတ္တိလူမျိုးအားလုံးကို ဖျက်ဆီးမည့်နေ့၊ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့ကို စစ်ကူပေးသောကြွင်းကျန်သူရှိသမျှတို့ကို ပယ်ဖျက်မည့်နေ့ ရောက်လာပြီ။ ထာဝရဘုရားသည် ကတ္တောရကျွန်းရှိ ကြွင်းကျန်သောဖိလိတ္တိလူမျိုးတို့ကို ဖျက်ဆီးမည်။
47:5 ဂါဇမြို့သည် ခေါင်းတုံးဖြစ်လေပြီ။ အာရှကေလုန်မြို့သည် ဆိတ်ညံလေပြီ။ အို ချိုင့်ဝှမ်း၌ ကြွင်းကျန်သောသူတို့၊ မည်သည့်အချိန်အထိ ကိုယ့်အသားကို ကိုယ်မွှမ်းကြမည်နည်း။
47:6 အို ထာဝရဘုရား၏ဓားတော်၊ မည်မျှကြာအောင်အငြိမ်မနေဘဲ တိုက်ခိုက်နေဦးမည်နည်း။ ဓားအိမ်သို့ပြန်ဝင်ပါတော့။ ရပ်ပါတော့။ ငြိမ်ငြိမ်နေပါတော့။
47:7 ထာဝရဘုရားသည် ဓားကိုအမိန့်ပေးထားသည်ဖြစ်၍ ဓားက မည်သို့ငြိမ်ငြိမ်နေနိုင်မည်နည်း။ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းခြေဒေသတို့ကို တိုက်ခိုက်ရန် ဓားကိုအမိန့်ပေးတော်မူပြီ”ဟု မိန့်တော်မူ၏။