Jeremiah 48
48:1 မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
48:2 မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။
48:3 ‘ဖျက်ဆီးခံရပြီ။ အကြီးအကျယ်ပျက်စီးလေပြီ’ဟု ဟောရနိမ်မြို့မှ အော်ဟစ်ငိုကြွေးသံကြားရ၏။
48:4 မောဘပြည်သည် ဖျက်ဆီးခံရပြီ။ ကလေးငယ်တို့အော်ဟစ်သောအသံကို ကြားရလေပြီ။
48:5 လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက် တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့ဆင်းသောလမ်း၌ အော်ဟစ်ငိုကြွေးသံကို ရန်သူတို့ကြားရ၏။
48:6 သင်တို့အသက်ဘေးလွတ်အောင် ထွက်ပြေးကြလော့။ သင်တို့သည် သဲကန္တာရရှိ ချုံပုတ်ကဲ့သို့ ဖြစ်လေပြီ။
48:7 သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။
48:8 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖျက်ဆီးသောသူသည် မြို့ရွာတိုင်းသို့ရောက်လာမည်။ မြို့တစ်မြို့ ရွာတစ်ရွာမျှလွတ်မည်မဟုတ်။ ချိုင့်ဝှမ်းလည်း ပျက်စီးမည်။ လွင်ပြင်လည်း ပျက်စီးမည်။
48:9 အဝေးသို့ပျံသန်းသွားရမည့် မောဘပြည်ကို အတောင်ပံပေးလော့။ မောဘမြို့တို့သည် နေထိုင်သူမရှိ၊ လူသူကင်းမဲ့မည်။
48:10 ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။
48:11 မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။
48:12 သို့သော် ထာဝရဘုရားက “ကြည့်ရှုလော့။ မောဘပြည်အား သွန်ပစ်မည့်သူများကို ငါစေလွှတ်သောနေ့ရက် ရောက်လာမည်။ သူတို့သည် မောဘပြည်ကို သွန်ပစ်ကြမည်။ အိုးတို့ကို မှောက်ပစ်ကြမည်။ ဘူးများကိုလည်း ရိုက်ခွဲကြမည်။
48:13 အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။
48:14 ‘ငါတို့သည် စစ်တိုက်ရာတွင် သူရဲကောင်းများ၊ ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏’ဟူ၍ သင်တို့ မည်သို့ပြောဝံ့ကြသနည်း”ဟု မိန့်တော်မူ၏။
48:15 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “မောဘပြည် ပျက်စီးပြီ။ မောဘမြို့များသို့ ရန်သူချီလာပြီ။ ရဲစွမ်းသတ္တိရှိသောလူငယ်တို့သည် အသတ်ခံရပြီ”ဟု မိန့်တော်မူ၏။
48:16 “မောဘပြည်ခံရမည့်ဘေးဒုက္ခ နီးကပ်လာပြီ။ သူခံရမည့်ဘေးအန္တရာယ် အမြန်ဆုံးရောက်လာမည်။
48:17 သူ့ဝန်းကျင်၌ရှိသောသူ၊ သူ့ဂုဏ်သတင်းကိုသိသောသူအပေါင်းတို့၊ ဝမ်းနည်းကြလော့။ ‘တန်ခိုးကြီးသောလှံတံ၊ အသရေရှိသောတောင်ဝှေးသည် ကျိုးသွားကြပြီတကား’ဟု ပြောဆိုကြလော့။
48:18 အို ဒိဘုန်မြို့၌နေထိုင်သောသမီးပျို၊ ဘုန်းအသရေရှိသောပလ္လင်မှဆင်း၍ ခြောက်ကပ်သောမြေပြင်ပေါ်၌ ထိုင်လော့။ အကြောင်းမူကား မောဘပြည်ကိုဖျက်ဆီးသောသူသည် စစ်ချီလာပြီ။ သင်၏ခံတပ်တို့ကို ဖျက်ဆီးတော့မည်။
48:19 အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။
48:20 မောဘပြည် ပြိုလဲပြီဖြစ်၍ အရှက်ကွဲပြီ။ ငိုကြွေးမြည်တမ်းကြလော့။ မောဘပြည် ဖျက်ဆီးခံရကြောင်းကို အာနုန်ချောင်းတစ်လျှောက် ကြေညာကြလော့။
48:21 တရားစီရင်ခြင်းသည် မြေပြန့်ဒေသဖြစ်သော ဟောလုန်မြို့၊ ယာဇမြို့၊ မေဖတ်မြို့၊
48:22 ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသမ်မြို့၊
48:23 ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊
48:24 ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍ မောဘပြည်နှင့် နီးနီးဝေးဝေးရှိသမျှမြို့များတိုင်အောင် ရောက်လေပြီ။
48:25 မောဘပြည်ဦးချိုသည် ချိုးဖြတ်ခံရပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
48:26 မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် သူ့ကို ယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလိမ့်၍ ပြက်ရယ်ပြုစရာဖြစ်လိမ့်မည်။
48:27 သင့်အတွက် အစ္စရေးလူမျိုးသည် ပြက်ရယ်ပြုစရာ ဖြစ်သည်မဟုတ်လော။ သူ့အကြောင်းကို ခေါင်းတခါခါနှင့်ပြောလေ့ရှိသည်မှာ သူသည် သူခိုးတို့နှင့်အတူ အဖမ်းခံရဖူးသလော။
48:28 အို မောဘပြည်သားတို့၊ ချောက်ကမ်းပါး၌ အသိုက်ကိုလုပ်တတ်သော ချိုးငှက်ကဲ့သို့ မြို့တို့ကိုစွန့်၍ ကျောက်ဆောင်၌နေထိုင်ကြလော့။
48:29 မောဘ၏မာနကို ငါတို့ကြားသိရပြီ။ သူသည် အလွန်မောက်မာ၏၊ ဘဝင်မြင့်၍ မာနကြီး၏၊ ဝါကြွား၍ ထောင်လွှား၏။
48:30 ထာဝရဘုရားက “သူ၏ဒေါသကို ငါသိ၏။ ဘာမျှမဟုတ်။ သူဝါကြွားသည်မှာ အချည်းနှီးသာဖြစ်၏။
48:31 သို့ဖြစ်၍ မောဘပြည်ကြောင့် ငါညည်းတွားငိုကြွေးမည်။ မောဘပြည်တစ်ပြည်လုံးကြောင့် ငါအော်ဟစ်မည်။ ကိရဟရက်မြို့သားတို့ကြောင့် ငါညည်းတွားမည်။
48:32 အို စိဗမာမြို့ရှိစပျစ်နွယ်ပင်၊ ယာဇာမြို့ကြောင့် ငိုကြွေးသည်ထက် သင့်ကြောင့် ငါငိုကြွေးမည်။ သင်၏အကိုင်းတို့သည် ဖြာထွက်၍ ယာဇာပင်လယ်တိုင်အောင် ရောက်ရှိကြ၏။ သို့သော် သင်၏နွေရာသီသီးနှံနှင့် စပျစ်သီးတို့သည် အဖျက်ဆီးခံရလေပြီ။
48:33 သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
48:34 နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။
48:35 တစ်ဖန် ထာဝရဘုရားက “မောဘပြည်၌ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ယဇ်ပူဇော်သောသူ၊ မိမိတို့ဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောသူကို ငါဖယ်ရှားပစ်မည်။
48:36 သူတို့ပိုင်ဆိုင်သောစည်းစိမ်ဥစ္စာ ပျက်ပြုန်းလေပြီဖြစ်၍ ငါ့စိတ်နှလုံးသည် မောဘပြည်ကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်။ ငါ့စိတ်နှလုံးသည် ကိရဟရက်မြို့သားကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
48:37 “သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင်
48:38 မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
48:39 မောဘပြည် ပြိုလဲပြီတကား။ ပြည်သားတို့ ညည်းတွားငိုကြွေးကြပြီတကား။ မောဘပြည် အရှက်ကွဲ၍ လှည့်ထွက်သွားပြီ။ သူ့ဝန်းကျင်ရှိလူအားလုံးအတွက် ပြက်ရယ်ပြုစရာ၊ ထိတ်လန့်စရာ ဖြစ်လေပြီ။
48:40 ထာဝရဘုရားက “ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ မောဘပြည်ရှိရာသို့ ထိုးဆင်းလာလေပြီ။
48:41 ကေရုတ်မြို့ကို ဝိုင်းထားကြ၍ ရဲတိုက်များကို သိမ်းပိုက်လိမ့်မည်။ ထိုနေ့ရက်၌ မောဘစစ်သူရဲတို့သည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
48:42 ထာဝရဘုရားက “မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ခြင်းခံရမည်။
48:43 အို မောဘပြည်သားတို့၊ ကြောက်မက်ဖွယ်ဘေး၊ မြေတွင်း၊ ကျော့ကွင်းတို့သည် သင့်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
48:44 ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။
48:45 “ထွက်ပြေးသောသူတို့သည် အရုပ်ကြိုးပြတ်ရပ်နေရ၏။ အကြောင်းမှာ ဟေရှဘုန်မြို့ကိုခိုလှုံရန်လာကြသော်လည်း ဟေရှဘုန်မြို့မှထွက်သောမီး၊ ရှိဟုန်မင်းကြီးထံမှမီးလျှံသည် မောဘ၏နဖူး၊ အော်ဟစ်ဆူညံနေသူတို့၏ခေါင်းကို လောင်ကျွမ်းနှင့်လေပြီ။
48:46 အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ ပျက်စီးကြပြီ။ သင့်သားတို့သည် သုံ့ပန်းအဖြစ်ပါသွားပြီ။ သင့်သမီးတို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရလေပြီ။
48:47 သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။