Ezekiel 10
10:1 ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ် တို့၏ဦးခေါင်းအထက်မိုးမျက်နှာကြက်တွင် နီလာရောင်အဆင်းသဏ္ဌာန်ပလ္လင်နှင့်တူသောအရာတစ်ခု ပေါ်လာသည်ကို တွေ့ရ၏။
10:2 ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ် အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
10:3 ခေရုဗိမ် တို့သည် အိမ်တော်တောင်ဘက်တွင် ရပ်နေ၏။ ထိုသူဝင်သွားသောအခါ အတွင်းဝင်းတစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။
10:4 ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ် အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
10:5 ထိုအခါ ခေရုဗိမ် တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
10:6 တစ်ဖန် ပိတ်ချောထည်ဝတ်ထားသူအား “ဘီးများ၊ ခေရုဗိမ် များအလယ်ရှိ မီးခဲကိုယူလော့”ဟု မိန့်တော်မူလျှင် ထိုသူလည်း ဝင်သွားပြီး ဘီးအနားတွင် ရပ်နေ၏။
10:7 ခေရုဗိမ် တို့ထဲမှ ခေရုဗိမ်တစ်ပါးက ခေရုဗိမ်များအလယ်ရှိမီးခဲကိုလှမ်းယူပြီး ပိတ်ချောထည်ဝတ်ထားသူ၏လက်ထဲသို့ ထည့်ပေးသောအခါ သူလည်း ယူ၍ထွက်သွား၏။
10:8 ခေရုဗိမ် တို့၏အတောင်ပံအောက်တွင် လူလက်နှင့်တူသောလက်ရှိသည်ကို တွေ့ရ၏။
10:9 ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ် တို့၏ဘေးတွင် ဘီးလေးဘီးရှိ၏။ ခေရုဗိမ်တစ်ပါးစီ၏ဘေးတွင် ဘီးတစ်ဘီးစီရှိပြီး ဘီးများသည် ကျောက်မျက်ရွဲအရောင်ကဲ့သို့ တောက်ပနေ၏။
10:10 ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုးဖြစ်၏။
10:11 သွားသောအခါ ဟိုဘက်သည်ဘက်မကွေ့ဘဲ ခေရုဗိမ်တို့ မျက်နှာမူရာလေးဘက်လေးတန်သို့ သွား၏။ မျက်နှာတစ်ဖက်၏ဦးဆောင်သွားရာဘက်သို့ ဟိုဘက်သည်ဘက်မကွေ့ဘဲ လိုက်သွား၏။
10:12 ခေရုဗိမ်လေးပါးရှိ ဘီးများနှင့်တကွ ခေရုဗိမ်တို့၏ကျော၊ လက်များ၊ တောင်ပံများနှင့် တစ်ကိုယ်လုံးတွင် မျက်စိအပြည့်ပါရှိ၏။
10:13 ဘီးများကို “ဘီးစကြာ”ဟု ခေါ်ဆိုသည်ကို ငါကြား၏။
10:14 ခေရုဗိမ်တစ်ပါးစီတွင် မျက်နှာလေးခုစီပါရှိ၏။ ပထမမျက်နှာသည် ခေရုဗိမ် မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် လင်းယုန်မျက်နှာဖြစ်၏။
10:15 ခေရုဗိမ် တို့ ကြွတက်သွားကြ၏။ ထိုခေရုဗိမ်တို့သည် ခေဗာမြစ်နားတွင် ငါတွေ့ခဲ့သောသတ္တဝါများပင် ဖြစ်၏။
10:16 ထိုသို့ ခေရုဗိမ် တို့ သွားသောအခါ ဘီးတို့သည်လည်း သူတို့၏ဘေးမှ လိုက်ကြ၏။ ခေရုဗိမ်တို့အတောင်ပံဖြန့်၍ မြေမှကြွသောအခါ ဘီးတို့သည်လည်း ထက်ကြပ်မကွာလိုက်ကြ၏။
10:17 သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သူတို့ရပ်သောအခါ ဘီးတို့လည်း ရပ်ကြ၏။ သူတို့ကြွသောအခါ ဘီးတို့လည်း ကြွကြ၏။
10:18 တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ် အထက်၌ တည်နေ၏။
10:19 ငါကြည့်နေစဉ်မှာပင် ခေရုဗိမ် တို့သည် အတောင်ပံကိုဖြန့်၍ မြေမှကြွသွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်အတူ လိုက်သွား၏။ ထာဝရဘုရားအိမ်တော်အရှေ့ဘက်တံခါးဝသို့ရောက်သောအခါ ရပ်နေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်သည်လည်း သူတို့အပေါ်တွင် တည်နေ၏။
10:20 ဤသည်ကား ခေဗာမြစ်နား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်အောက် တွင် ငါတွေ့ရသောသတ္တဝါများဖြစ်၏။ သူတို့သည် ခေရုဗိမ် များပင်ဖြစ်သည်ကို ငါသိ၏။
10:21 တစ်ပါးစီတွင် မျက်နှာလေးခု၊ တောင်ပံလေးခုရှိ၍ တောင်ပံများအောက်တွင် လူလက်နှင့်တူသောလက်ရှိ၏။
10:22 မျက်နှာပုံသဏ္ဌာန်မှာလည်း ခေဗာမြစ်နား၌တွေ့ခဲ့သော မျက်နှာပုံသဏ္ဌာန်နှင့်တူ၏။ မိမိတို့မျက်နှာမူရာတည့်တည့်သို့သာသွားတတ်ကြ၏။