Ezekiel 9
9:1 ထို့နောက် “ဤမြို့ကိုဒဏ်ခတ်မည့်သူတို့၊ ဖျက်ဆီးခြင်းလက်နက် ကိုယ်စီကိုင်ဆောင်၍ လာကြလော့”ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူသောအသံကို ငါကြားရ၏။
9:2 ကြည့်ရှုလော့။ လူခြောက်ယောက်သည် လူသတ်လက်နက်အသီးသီးကိုင်ဆောင်လျက် မြောက်ဘက်မျက်နှာမူထားသော အထက်တံခါးလမ်းမှ ဝင်လာ၍ ကြေးနီယဇ်ပလ္လင်ဘေးတွင် ရပ်နေကြ၏။ သူတို့အလယ်တွင် ပိတ်ချောထည်ကိုဝတ်လျက် ခါး၌မင်အိုးဆောင်ထားသောလူတစ်ယောက် ရပ်နေ၏။
9:3 အစ္စရေးလူမျိုးတို့၏ဘုရားသခင်ဘုန်းတော်သည် စံတော်မူရာခေရုဗိမ် အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့လာပြီး ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကို ခေါ်၏။
9:4 ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
9:5 အခြားသူတို့ကိုလည်း “သူ့နောက်သို့လိုက်၍ မြို့လယ်ခေါင်မှ လူတို့ကိုသတ်လော့။ သူတို့ကို လုံးဝမသနားနှင့်၊ မညှာတာနှင့်။
9:6 လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
9:7 “သွား၍ အိမ်တော်ကို ညစ်ညူးအောင်လုပ်ကြ။ ဝင်းတော်ကို အသေကောင်များဖြင့် ပြည့်စေကြ”ဟု မိန့်တော်မူသဖြင့် သူတို့လည်း မြို့ထဲသို့သွား၍ လူတို့ကို သတ်ပစ်ကြလေ၏။
9:8 ထိုသို့သတ်ဖြတ်နေကြစဉ် ငါတစ်ယောက်တည်းကျန်ရစ်၍ ပျပ်ဝပ်လျက် “အလို ဘုရားရှင်ထာဝရဘုရား၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော်သွန်ချခြင်းဖြင့် ကြွင်းကျန်သောအစ္စရေးလူမျိုးတို့ကိုပါ ဖျက်ဆီးတော်မူမည်လော”ဟု လျှောက်ဆို၏။
9:9 ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
9:10 ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
9:11 ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကလည်း “ကိုယ်တော်မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်ပြုပြီးပါပြီ”ဟု ပြန်လျှောက်လေ၏။