Ezekiel 27
27:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
27:2 “အချင်းလူသား၊ တိုင်ရာမြို့အတွက် ငိုချင်းချလော့။
27:3 ပင်လယ်ဝ၌ တည်၍ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိလူတို့နှင့် ကုန်သွယ်သောတိုင်ရာမြို့အား သင်ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ သင်က ငါသည် အလှတရားနှင့်ပြည့်စုံ၏ဟု ဆိုလေပြီ။
27:4 သင်၏နယ်နိမိတ်သည် ပင်လယ်ထဲ၌ရှိ၏။ ဗိသုကာပညာရှင်တို့သည် သင့်ကိုလှပအောင် တည်ဆောက်ထားပြီ။
27:5 သင်္ဘောပျဉ်ပြားကို စနိရတောင်ပေါ်မှလာသောထင်းရှူးသားများနှင့် လုပ်ထား၏။ ရွက်တိုင်ကို လက်ဘနွန်တောင်မှလာသောသစ်ကတိုးသားများနှင့် လုပ်ထား၏။
27:6 လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
27:7 အချက်ပြအလံသဖွယ်ရွက်ထည်ကို အီဂျစ်ပြည်မှလာသောရောင်စုံချည်ဖြင့် ပုံဖော်ထားသော ပိတ်ချောထည်ဖြင့် လုပ်ထား၏။ ကုန်းပတ်အကာကို ဧလိရှာကျွန်းမှလာသော အပြာရောင်၊ ခရမ်းရောင်အကောင်းစားချည်ထည်တို့နှင့် လုပ်ထား၏။
27:8 ဆီဒုန်မြို့သားများနှင့်အာဝဒ်မြို့သားတို့သည် တက်ခတ်သမားများဖြစ်ကြ၏။ အို တိုင်ရာမြို့၊ သင်၌ ကျွမ်းကျင်သောမာလိန်မှူးများရှိ၏။
27:9 အပျက်အစီးပြုပြင်ဖာထေးပေးသော ဂေဗလမြို့သား ဝါရင့်ပညာရှင်များလည်းရှိ၏။ ပင်လယ်ကူးသင်္ဘောများ၊ သင်္ဘောသားများသည် သင့်ထံလာ၍ ကုန်စည်ရောင်းဝယ်ဖောက်ကားကြ၏။
27:10 ပါးရှားလူမျိုး၊ လုဒလူမျိုး၊ ဖုတလူမျိုးတို့သည် သင်၏စစ်တပ်တွင် အမှုထမ်းသောစစ်သူရဲများဖြစ်ကြ၏။ ဒိုင်းလွှားများ၊ သံခမောက်လုံးများလည်း သင်၌ ချိတ်ဆွဲထားလျက် သင့်ကို ခန့်ညားထည်ဝါစေကြ၏။
27:11 အာဝဒ်အမျိုးသားတို့နှင့် သင်၏စစ်သည်တို့သည် သင့်မြို့ရိုးများတွင် ပတ်လည်ဝိုင်းထားကြ၏။ စစ်သူရဲတို့သည် မျှော်စင်များပေါ်တွင် စောင့်ကြပ်ပေးနေ၏။ သူတို့သည် ဒိုင်းလွှားများကို မြို့ရိုးပတ်ပတ်လည်တွင် ချိတ်ဆွဲထားကြ၏။ သူတို့သည် သင်၏အလှတရားကို စုံလင်စေကြ၏။
27:12 တာရှုမြို့သားတို့သည် ကုန်စည်မျိုးစုံပေါများသောသင်နှင့် ကုန်သွယ်ကြ၏။ ထိုကုန်စည်များကို ငွေ၊ သံ၊ သံဖြူ၊ ခဲတို့နှင့် လဲလှယ်ကြ၏။
27:13 ယာဝန်အမျိုးသား၊ တုဗလအမျိုးသား၊ မေရှက်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ သင်၏ကုန်စည်များကို သက်ရှိလူများ၊ ကြေးနီအသုံးအဆောင်များနှင့် လဲလှယ်ကြ၏။
27:14 သင်၏ကုန်စည်များကို တောဂါမမြို့မှ မြင်းများ၊ စစ်မြင်းများ၊ လားများနှင့် လဲလှယ်ကြ၏။
27:15 ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
27:16 ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။
27:17 ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
27:18 ဒမတ်စကပ်မြို့သည် ကုန်စည်မျိုးစုံပေါများသော၊ ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၏။ ထိုကုန်စည်တို့ကို ဟေလဖုန်စပျစ်ဝိုင်များ၊ ဇောဟာသိုးမွေးများနှင့် လဲလှယ်၏။
27:19 ဥဇလအရပ်မှ ဝေဒန်ပြည်သား၊ ယာဝန်ပြည်သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သံထည်၊ ကရဝေး၊ ခါနဲ များကို သင်၏ကုန်ပစ္စည်းများနှင့် လှဲလှယ်ကြ၏။
27:20 ဒေဒန်မြို့သားတို့သည် သင်၏ကုန်ပစ္စည်းတို့ကို မြင်းကုန်းနှီးအဆင်တန်ဆာများနှင့် လဲလှယ်ကြ၏။
27:21 အာရေဗျပြည်၊ ကေဒါပြည်တို့မှ ခေါင်းဆောင်တို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သင့်ထံမှထွက်သောကုန်ပစ္စည်းများကို သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီးတို့နှင့် လဲလှယ်ကြ၏။
27:22 ရှေဘပြည်၊ ရာဂမပြည်မှ ကုန်သည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်ပစ္စည်းများကို အကောင်းစားအမွှေးနံ့သာအမျိုးမျိုး၊ အဖိုးတန်ကျောက်အမျိုးမျိုး၊ ရွှေ စသည်တို့နှင့် လဲလှယ်ကြ၏။
27:23 ဟာရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့မှကုန်သည်များ၊ ရှေဘပြည်၊ အဆီးရီးယားပြည်၊ ခိလမဒ်ပြည်မှကုန်သည်များသည် သင်နှင့်ကုန်သွယ်ကြ၏။
27:24 သူတို့သည် လှပသောအဝတ်အစားများ၊ အပြာရောင်အထည်အလိပ်များ၊ ဇာပန်းထိုးထည်များ၊ ရောင်စုံကော်ဇောများ၊ ခိုင်ခံ့သောကျစ်ကြိုးများကို သင်၏ဈေးထဲတွင် လာရောက်ရောင်းဝယ်ဖောက်ကားကြ၏။
27:25 တာရှုသင်္ဘောတို့သည် သင့်ကို ကုန်စည်ကူးသန်းပေး၏။ သင်သည် ကြွယ်ဝပြည့်စုံပြီး ပင်လယ်ပြင်တွင် အလွန်ဂုဏ်ကျက်သရေရှိ၏။
27:26 တက်ခတ်သမားများသည် သင့်ကို ကျယ်ပြန့်သောသမုဒ္ဒရာထဲသို့ ဆောင်ယူသွား၍ အရှေ့လေသည် သင့်ကို သမုဒ္ဒရာအလယ်၌ ရိုက်ချိုးပစ်လေပြီ။
27:27 သင်ကျိုးပဲ့သွားသောနေ့တွင်ပင် သင်၏စည်းစိမ်များ၊ ကုန်စည်စလယ်များ၊ သင်္ဘောသားများ၊ မာလိန်မှူးများ၊ အပျက်အစီးပြုပြင်ဖာထေးပေးသူများ၊ ဖောက်သည်များ၊ စစ်သူရဲများနှင့်တကွ သင်၌ရှိသောလူအပေါင်းတို့သည် သမုဒ္ဒရာအောက်သို့ နစ်မြုပ်သွားကြလေပြီ။
27:28 မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။
27:29 တက်ခတ်သမားများ၊ သင်္ဘောသားများ၊ မာလိန်မှူးများသည် သင်္ဘောကိုစွန့်ခွာ၍ ကမ်းပေါ်သို့ပြေးတက်ကြလေပြီ။
27:30 သူတို့သည် သင့်အတွက် ခါးသီးစွာအော်ဟစ်ငိုကြွေးကြလေပြီ။ မြေမှုန့်ကို ခေါင်းပေါ်ပစ်တင်ကြလေပြီ။ ပြာ၌ လူးကြလေပြီ။
27:31 ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
27:32 သူတို့သည် သင့်ကြောင့် ငိုကြွေးမြည်တမ်းလျက် သင်နှင့်ပတ်သက်၍ တိုင်ရာမြို့ကဲ့သို့ပင်လယ်ပြင်၌ မည်သူအဖျက်ဆီးခံရဖူးသနည်းဟု ငိုချင်းဖွဲ့လေပြီ။
27:33 ပင်လယ်မှသင်၏ကုန်ပစ္စည်းများ ရောက်လာသောအခါ လူတို့နှစ်သက်ကြ၏။ လောကီဘုရင်တို့သည် သင်၏စည်းစိမ်ဥစ္စာများ၊ သင်၏ကုန်ပစ္စည်းများကြောင့် ကြွယ်ဝချမ်းသာကြလေပြီ။
27:34 ယခုတွင် သမုဒ္ဒရာသည် သင့်ကိုရိုက်ချိုးလေပြီ။ သင်၏ကုန်စည်နှင့် သင်၌ရှိသောလူအပေါင်းတို့သည် နက်ရှိုင်းသောသမုဒ္ဒရာထဲတွင် နစ်မြုပ်သွားကြလေပြီ။
27:35 ကမ်းရိုးတန်းသားအပေါင်းတို့သည် သင့်ကိုအံ့အားသင့်လျက် သူတို့၏ဘုရင်တို့သည်လည်း ကြောက်လန့်အားကြီး၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လေပြီ။
27:36 တိုင်းတစ်ပါးမှကုန်သည်တို့သည် သင့်ကို ဟားတိုက်ကြလိမ့်မည်။ သင်သည်လည်း ထိတ်လန့်ဖွယ်ဖြစ်ရပ်များနှင့်ကြုံရပြီးမှ လုံးဝပျောက်ကွယ်သွားလေပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။