Ezekiel 28
28:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
28:2 “အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
28:3 မှန်ပါပေ၏။ သင်သည် ဒံယေလထက်သာ၍ပညာရှိ၏။ သင့်ရှေ့တွင် မည်သည့်အရာမျှဖုံးကွယ်၍မရ။
28:4 သင့်ဉာဏ်ပညာ၊ သင့်ထိုးထွင်းဉာဏ်ဖြင့် ဥစ္စာပစ္စည်း၊ ရွှေငွေရတနာတို့ကို ရှာဖွေသိုမှီးနိုင်ပြီ။
28:5 သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
28:6 ဤသို့ သင့်ကိုယ်သင် ဘုရားဟုထင်မှတ်သောကြောင့်
28:7 ‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
28:8 သင့်ကို တွင်းထဲသို့ ဆွဲချပစ်မည်။ သင်သည် ပင်လယ်ပြင်တွင် အသေဆိုးနှင့်သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
28:9 ‘သင်သည် သင့်ကိုသတ်သောသူ၏ရှေ့မှောက်တွင် ငါသည် ဘုရားဖြစ်၏ဟု ဆိုနိုင်ဦးမည်လော။ စင်စစ် လူသတ်သမားတို့အဖို့ သင်သည် ဘုရားမဟုတ်။ လူသားသာဖြစ်၏။
28:10 အရေဖျားလှီးခြင်းမခံသောသူတို့ကဲ့သို့ သင်သည် တစ်ပါးအမျိုးသားတို့လက်တွင် သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။
28:11 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
28:12 “အချင်းလူသား၊ တိုင်ရာဘုရင်နှင့်ပတ်သက်၍ ငိုချင်းချလျက် သူ့အား ဤသို့ ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် စံတင်လောက်အောင် ပြီးပြည့်စုံသောသူ၊ ဉာဏ်ပညာပြည့်ဝသူ၊ အပြစ်ပြောစရာမရှိအောင်လှသူ ဖြစ်၏။
28:13 ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
28:14 ငါသည် သင့်ကို အတောင်ဖြန့်မိုးသောခေရုဗိမ် တစ်ပါးအဖြစ် ဘိသိက်ပေးပြီး ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်၌ နေရာချထား၏။ သင်သည် မီးတောက်နေသောကျောက်တုံးများအလယ်တွင် သွားလာ၏။
28:15 သင့်ကိုဖန်ဆင်းသည့်နေ့မှစ၍ သင်ပြုခဲ့သောမတရားမှုပေါ်လာသည့်နေ့တိုင်အောင် အပြစ်တင်စရာတစ်စုံတစ်ခုမျှမရှိခဲ့။
28:16 သင်၌ ကုန်သွယ်ရေးလုပ်ငန်းများ များပြားလာသည်နှင့်အမျှ မတရားမှုများလည်း များပြားလာ၏။ ထိုသို့ သင်အပြစ်ပြု၍ ညစ်ညူးသွားသောကြောင့် ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှ သင့်ကို ငါနှင်ထုတ်ပစ်၏။ အတောင်ဖြန့်မိုးသော အို ခေရုဗိမ် ၊ သင့်ကို တောက်ထိန်နေသောကျောက်တုံးများအလယ်မှ ငါဖယ်ထုတ်ပစ်ပြီ။
28:17 သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။
28:18 သင်၏ကြီးလေးသောအပြစ်၊ မတရားကုန်သွယ်သောအပြစ်တို့ကြောင့် သန့်ရှင်းရာဌာန ညစ်ညူးလေပြီ။ ထို့ကြောင့် သင့်အထဲမှ မီးထတောက်၍ သင့်ကို လောင်ကျွမ်းစေမည်။ ကြည့်ရှုသူတို့ရှေ့မှောက် မြေပေါ်တွင် သင့်ကို ပြာပုံဖြစ်စေမည်။
28:19 သင်နှင့်သိကျွမ်းခဲ့သောလူမျိုးအပေါင်းတို့သည် သင့်ကိုအံ့အားသင့်ကြလေပြီ။ သင်သည်လည်း ထိတ်လန့်ဖွယ်ဖြစ်ရပ်များနှင့်ကြုံရပြီးမှ လုံးဝပျောက်ကွယ်သွားလေပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
28:20 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
28:21 “အချင်းလူသား၊ ဆီဒုန်မြို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
28:22 ဘုရားရှင်ထာဝရဘုရားက ‘အို ဆီဒုန်မြို့၊ ကြည့်ရှုလော့။ သင့်ကိုငါဆန့်ကျင်၍ မြို့ထဲတွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ သင့်ကို ငါဒဏ်ခတ်၍ ငါသန့်ရှင်းကြောင်းကို မြို့ထဲတွင် ပြမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
28:23 ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
28:24 အစ္စရေးလူမျိုးတို့ကို စူးသောဆူး၊ နာကျင်စေသောဆူးနှင့်တူသောဝန်းကျင်မှ မကောင်းပြောသူများ ရှိတော့မည်မဟုတ်။ နောက်မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
28:25 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို ကွဲလွင့်ရာအရပ်ရပ် လူမျိုးတကာတို့ထံမှ ပြန်လည်စုဝေးစေမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့အား သိစေမည်။ ငါ့အစေအပါးယာကုပ်အား ငါပေးခဲ့သောပြည်တွင် အစ္စရေးလူမျိုးတို့ နေထိုင်ရကြမည်။
28:26 ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။