Library · my

Leviticus 13

13:1 တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 13:2 “​တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ အဖုအပိမ့်​၊ အယားအနာ​၊ အစက်အပြောက်​ဖြစ်လာ​၍ သူ​၏​ကိုယ်ခန္ဓာ​အရေပြား​၌ အနာကြီးရောဂါ​လက္ခဏာ​ပေါ်​လျှင် ထို​သူ​ကို ယဇ်ပုရောဟိတ်​အာရုန်​၊ သို့မဟုတ် သူ​၏​သား​ယဇ်ပုရောဟိတ်​တို့​ထဲမှ​တစ်စုံတစ်ဦး​ထံသို့ ခေါ်ဆောင်​လာ​ရ​မည်​။ 13:3 ယဇ်ပုရောဟိတ်​သည် ကိုယ်ခန္ဓာ​အရေပြား​ပေါ်​ရှိ​အနာ​ကို ကြည့်ရှု​စစ်ဆေး​သောအခါ အနာ​ထဲ​ရှိ​အမွေး​သည် ဖြူ​သွား​၍ ထို​အနာ​သည် ကိုယ်ခန္ဓာ​အရေပြား​အောက်​ကို​ရောက်​နေ​ဟန်​ရှိ​လျှင် အနာကြီးရောဂါ​လက္ခဏာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် ထို​အနာ​ကို ကြည့်ရှု​ပြီးနောက် အနာရှိသောသူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ 13:4 အကယ်၍ ကိုယ်ခန္ဓာ​အရေပြား​ပေါ်မှ အစက်အပြောက်​သည် ဖြူ​နေ​၍ အရေပြား​အောက်​သို့​ရောက်​နေ​ဟန်​မ​ရှိ​၊ အမွေး​သည်​လည်း မ​ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:5 ခုနစ်​ရက်​မြောက်​သော​နေ့​တွင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ထို​သူ​၏​အနာ​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​၊ အနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:6 ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို နောက်တစ်ဖန်​ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် ပါးသွား​၍ အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် ပွေးဝဲယားနာ​ဖြစ်​၏​။ ထို​သူ​သည် မိမိ​၏​အဝတ်​ကို လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။ 13:7 ထို​သူ​သည် သန့်စင်​ကြောင်း ယဇ်ပုရောဟိတ်​ကြည့်ရှု​စစ်ဆေး​ပြီးမှ သူ​၏​ပွေးဝဲယားနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​ထံ နောက်တစ်ဖန် ပြ​ရ​မည်​။ 13:8 ယဇ်ပုရောဟိတ်​သည်​လည်း ကြည့်ရှု​စစ်ဆေး​၍ ထို​သူ​၏​ပွေးဝဲယားနာ​သည် အရေပြား​ပေါ်၌ ပျံ့​နေ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် အနာကြီးရောဂါ​ဖြစ်​၏​။ 13:9 တစ်စုံတစ်ယောက်​သည် အနာကြီးရောဂါ​အနာ​ရှိ​နေ​လျှင် သူ့​ကို ယဇ်ပုရောဟိတ်​ထံသို့ ခေါ်ဆောင်​လာ​ရ​မည်​။ 13:10 ယဇ်ပုရောဟိတ်​သည်​လည်း ကြည့်ရှု​စစ်ဆေး​၍ အရေပြား​ပေါ်၌ ဖြူ​သော​အဖုအပိမ့်​ရှိ​နေ​လျှင်​လည်းကောင်း​၊ အမွေး​သည် ဖြူ​သွား​လျှင်​လည်းကောင်း​၊ အဖုအပိမ့်​ထဲတွင် အသား​စို​နေ​လျှင်​လည်းကောင်း 13:11 ထို​သူ​၏​ကိုယ်ခန္ဓာ​အရေပြား​ပေါ်၌ ကြာမြင့်​စွာ​စွဲ​နေ​ပြီ​ဖြစ်​သော​အနာကြီးရောဂါ​ဖြစ်​၏​။ သူ​သည် မစင်ကြယ်​။ ထို့ကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​ကို သီးခြားထားစရာ​မ​လို​ဘဲ မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ 13:12 အနာကြီးရောဂါ​သည် အရေပြား​ပေါ်၌ ပြန့်ပွား​၍ အနာ​ဖြစ်​နေ​သော​သူ​၏​ဦးခေါင်း​မှ​ခြေ​တိုင်အောင် ယဇ်ပုရောဟိတ်​တွေ့မြင်​နိုင်​သော​နေရာ​ရှိသမျှ​၏​အရေပြား​အားလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​လျှင် 13:13 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ထို​သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​ကြောင်း တွေ့ရှိ​လျှင် အနာ​ဖြစ်​နေ​သော​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ့​တစ်ကိုယ်လုံး​ဖြူ​သွား​ပြီ​ဖြစ်၍ သူ​သည် စင်ကြယ်​၏​။ 13:14 သို့သော် ထို​သူ​၏​ကိုယ်ခန္ဓာ​တွင် အသား​စို​ပေါ်လာ​သော​နေ့​၌ သူ​သည် မစင်ကြယ်​။ 13:15 ယဇ်ပုရောဟိတ်​သည် အသား​စို​ကို​ကြည့်ရှု​စစ်ဆေး​၍ သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အသား​စို​သည် မစင်ကြယ်​။ အနာကြီးရောဂါ​ဖြစ်​၏​။ 13:16 အသား​စို​သည် ပြန်​ဖြူ​သွား​လျှင် သူ​သည် ယဇ်ပုရောဟိတ်​ထံသို့ သွား​ရ​မည်​။ 13:17 ယဇ်ပုရောဟိတ်​သည်​လည်း သူ့​ကို ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် အနာ​ဖြစ်​နေ​သော​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​သူ​သည် စင်ကြယ်​၏​။ 13:18 တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ အနာစိမ်း​ပေါက်​၍ ပျောက်ကင်း​ပြီးမှ 13:19 အနာစိမ်း​၏​နေရာ​၌ အဖြူရောင်​အဖုအပိမ့်​၊ သို့မဟုတ် နီကြင်ကြင်​အစက်အပြောက် ပေါ်လာ​သောအခါ သူ​သည် ယဇ်ပုရောဟိတ်​ထံ ပြ​ရ​မည်​။ 13:20 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အမွေး​သည်​လည်း ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် အနာစိမ်း​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။ 13:21 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​ပေါ်ရှိ အမွေး​သည် မ​ဖြူ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​လည်း​မ​ပေါ်​ဘဲ ပါးသွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:22 အနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာရောဂါ​ဖြစ်​၏​။ 13:23 အစက်အပြောက်​သည် ပျံ့သွား​ခြင်း​မ​ရှိ​ဘဲ နဂိုနေရာ​၌​ရှိ​နေ​လျှင် ၎င်း​သည် အနာစိမ်း​၏​အမာရွတ်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ 13:24 တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ မီး​ပူလောင်နာ​ရှိ​၍ အပူလောင်နာ​အစို​၌ နီကြင်ကြင်​အစက်အပြောက်​၊ သို့မဟုတ် အဖြူရောင်​အစက်အပြောက် ပေါ်လာ​သောအခါ 13:25 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အစက်အပြောက်​ထဲ​ရှိ​အမွေး​သည်​ဖြူ​သွား​၍ ထို​အစက်အပြောက်​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျှင် ၎င်း​သည် အပူလောင်နာ​ရှိ​သော​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာကြီးရောဂါ​ဖြစ်​၏​။ 13:26 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​သောအခါ အစက်အပြောက်​ထဲ၌ အမွေး​သည် မ​ဖြူ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​ဘဲ ပါးသွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:27 ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် သူ့​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အရေပြား​၌ ပို၍​ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာကြီးရောဂါ​ဖြစ်​၏​။ 13:28 အစက်အပြောက်​သည် အရေပြား​ပေါ်၌​ပျံ့သွား​ခြင်း​မ​ရှိ​ဘဲ နဂိုနေရာ​၌​ရှိ​၍ ပါးသွား​လျှင် ၎င်း​သည် အပူလောင်နာ​အဖုအပိမ့်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် အပူလောင်နာ​အမာရွတ်​ဖြစ်​၏​။ 13:29 ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ခေါင်း​၊ သို့မဟုတ် မေး​၌ အနာ​ဖြစ်​လျှင် 13:30 ယဇ်ပုရောဟိတ်​သည် အနာ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အနာ​ပေါ်တွင် အမွေး​ဝါ​ပါးပါး​ရှိ​နေ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် ယားနာ​ဖြစ်​၏​။ ခေါင်း​၊ သို့မဟုတ် မေး​တို့​၌​ဖြစ်​သော အနာကြီးရောဂါ​ဖြစ်​၏​။ 13:31 ယဇ်ပုရောဟိတ်​သည် ယားနာ​ကို​ကြည့်ရှု​စစ်ဆေး​၍ ထို​အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​၊ အနာ​ပေါ်ရှိ​အမွေး​လည်း မ​မည်း​လျှင် ယဇ်ပုရောဟိတ်​သည် ယားနာ​ဖြစ်​နေ​သော​သူ​အား ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:32 ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် အနာ​ကို ကြည့်ရှု​စစ်ဆေး​၍ ယားနာ​သည် ပျံ့သွား​ခြင်း​မ​ရှိ​၊ အနာ​ပေါ်ရှိ​အမွေး​သည်​လည်း မ​ဝါ​၊ ယားနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​လျှင် 13:33 ထို​သူ​သည် အမွေး​ကို ရိတ်​ပစ်​ရ​မည်​။ သို့သော် ယားနာ​ဖြစ်​သော​နေရာ​ကို မ​ရိတ်​ရ​။ ယဇ်ပုရောဟိတ်​သည် ယားနာ​ဖြစ်​သော​သူ​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:34 ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ယားနာ​ကို ကြည့်ရှု​စစ်ဆေး​၍ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​လည်း မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။ 13:35 သူ​သည် သန့်စင်​ပြီးမှ ယားနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင် 13:36 ယဇ်ပုရောဟိတ်​သည် သူ့​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် အမွေး​ဝါ​ရှိ​၊ မ​ရှိ စစ်ဆေး​ရန်​မ​လို​။ သူ​သည် မစင်ကြယ်​။ 13:37 ယားနာ​သည် တန့်​နေ​၍ ယားနာ​ပေါ်၌ အမွေး​မည်း​ပေါက်​နေ​သည်​ဟု ယဇ်ပုရောဟိတ်​မြင်​လျှင် ထို​သူ​သည် ယားနာ​ပျောက်ကင်း​၍ စင်ကြယ်​ပြီ​ဖြစ်​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ 13:38 ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ကိုယ်ခန္ဓာ​အရေပြား​၌ အဖြူရောင်​အစက်အပြောက်​များ ပေါ်လာ​လျှင် 13:39 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ကိုယ်ခန္ဓာ​အရေပြား​ပေါ်မှ အစက်အပြောက်​သည် ဖြူ​ဖျော့ဖျော့​ဖြစ်လျှင် ၎င်း​သည် အရေပြား​ပေါ်၌ ပေါက်​သော​ညှင်း​ဖြစ်​၏​။ သူ​သည် စင်ကြယ်​၏​။ 13:40 ယောက်ျား​တစ်​ဦး​သည် ဆံပင်​ကျွတ်​၍ ခေါင်းပြောင်​သော်လည်း သူ​သည် စင်ကြယ်​၏​။ 13:41 ခေါင်း​အရှေ့ဘက်​မှ ဆံပင်​ကျွတ်​၍ နဖူးပြောင်​သော်လည်း သူ​သည် စင်ကြယ်​၏​။ 13:42 ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ နီကြင်ကြင်​အနာ​ပေါက်​လျှင် ၎င်း​သည် ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ ပေါက်​သော အနာကြီးရောဂါ​ဖြစ်​၏​။ 13:43 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ အနာ​၏​အဖုအပိမ့်​သည် ကိုယ်ခန္ဓာ​အရေပြား​၌​ဖြစ်​သော​အနာကြီးရောဂါ​၏​လက္ခဏာ​ကဲ့သို့ နီကြင်ကြင်​ဖြစ်​နေ​လျှင် 13:44 သူ​သည် အနာကြီးရောဂါစွဲ​နေ​ပြီ​ဖြစ်၍ မစင်ကြယ်​။ သူ​၏​ခေါင်း​ပေါ်၌ အနာ​ပေါက်​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု အတိအလင်း​ကြေညာ​ရ​မည်​။ 13:45 အနာကြီးရောဂါစွဲ​နေ​သော​သူ​သည် အဝတ်​စုတ်​ကို​သာ ဝတ်​ရ​မည်​။ ဆံပင်​ကို ဖားလျားချ​ထား​ရ​မည်​။ နှုတ်ခမ်း​ကို ဖုံး​၍ ‘မစင်ကြယ် မစင်ကြယ်’​ဟု အော်​ရ​မည်​။ 13:46 သူ​၌ အနာစွဲ​နေ​သည့်​ကာလ​ပတ်လုံး သူ​သည် မစင်ကြယ်​။ မစင်ကြယ်​သဖြင့် သူ​တစ်ယောက်တည်း​နေ​ရ​မည်​။ သူ​၏​နေရာ​သည် တပ်စခန်း​အပြင်ဘက် ဖြစ်​ရ​မည်​။ 13:47 သိုးမွေး​အဝတ်အထည်​၊ ချည်ချော​အဝတ်အထည်​၊ 13:48 ချည်ချော​၊ သို့မဟုတ် သိုးမွေး​တို့​၏​တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​၊ သို့မဟုတ် သားရေ​ဖြင့်​လုပ်သောပစ္စည်း​တစ်ခုခု စသည်​တို့​၌ မှိုစွဲနာ​ရှိ​၍ 13:49 ထို​အနာ​သည် အဝတ်​၊ သားရေ​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌ စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင် ဖြစ်​နေ​လျှင် မှိုစွဲနာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​အား ပြ​ရ​မည်​။ 13:50 ယဇ်ပုရောဟိတ်​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ပြီးလျှင် အနာစွဲ​နေ​သော​ပစ္စည်း​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:51 ခုနစ်​ရက်​မြောက်​သော​နေ့​၌ အနာ​ကို​ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​၊ သို့မဟုတ် သားရေ​ဖြင့်​ပြုလုပ်​ထား​သော​ပစ္စည်း​တစ်ခုခု စသည်​တို့​၌ ပျံ့သွား​လျှင် ထို​အနာ​သည် ဆိုးရွား​သော မှိုစွဲနာ​ဖြစ်​၏​။ ထို​ပစ္စည်း​သည် မစင်ကြယ်​။ 13:52 ယဇ်ပုရောဟိတ်​သည် အဝတ်​၊ ချည်ချော​၊ သို့မဟုတ် သိုးမွေး​၏​တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည့် အနာစွဲ​သော​ပစ္စည်း​တို့​ကို ရှို့​ပစ်​ရ​မည်​။ ဆိုးရွား​သော မှိုစွဲနာ​ဖြစ်​သောကြောင့် မီး​ရှို့​ပစ်​ရ​မည်​။ 13:53 ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု စသည်​တို့​၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် 13:54 အနာစွဲ​သော​ပစ္စည်း​ကို လျှော်​ရန် မိန့်မှာ​ရ​မည်​။ ထို့နောက် ထို​ပစ္စည်း​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။ 13:55 အနာစွဲ​သော​ပစ္စည်း​ကို လျှော်​ပြီးသည့်နောက် ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​၏​လက္ခဏာ​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​။ အနာ​သည်​ပျံ့သွား​ခြင်း​မ​ရှိ​လျှင်​လည်း ထို​ပစ္စည်း​သည် မစင်ကြယ်​။ မီး​ရှို့​ပစ်​ရ​မည်​။ ထို​ပစ္စည်း​၏​အတွင်း​၊ သို့မဟုတ် အပြင်​၌ မှိုတက်​နေ​ခြင်း​ဖြစ်​၏​။ 13:56 ထို​ပစ္စည်း​ကို ဆေးကြော​ပြီးသည့်နောက် ယဇ်ပုရောဟိတ်​ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် ပါးသွား​လျှင် အနာ​ကို အဝတ်​၊ သားရေ​၊ တိုင်ချည်​၊ ဖောက်ချည်​တို့​မှ ဖယ်ထုတ်​ရ​မည်​။ 13:57 အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု စသည်​တို့​၌ အနာ​ထပ်​ပေါ်လာ​လျှင် ထို​အနာ​သည် ပြန့်ပွား​တတ်​သော​အနာ​ဖြစ်၍ သင်​သည် ထို​အနာစွဲ​သော​ပစ္စည်း​ကို မီး​ရှို့​ပစ်​ရ​မည်​။ 13:58 လျှော်​ပြီး​သော အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌ အနာ​ပျောက်သွား​လျှင် နောက်တစ်ခါ လျှော်​ရ​မည်​။ ထို့နောက်မှ စင်ကြယ်​လိမ့်မည်​။ 13:59 ဤသည်ကား စင်ကြယ်​သည်​၊ မစင်ကြယ်​သည်​ကို​ကြေညာ​နိုင်​ရန် သိုးမွေး​အဝတ်​၊ ချည်ချော​အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌​စွဲ​သည့် မှိုစွဲနာ​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။