Leviticus 14
14:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
14:2 “အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
14:3 ယဇ်ပုရောဟိတ်သည် တပ်စခန်း၏အပြင်ဘက်သို့ထွက်လာ၍ သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ အနာကြီးရောဂါစွဲခဲ့သောသူ၌ အနာကြီးရောဂါ၏အနာသည် ပျောက်ကင်းလျှင်
14:4 ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံမည့်သူအတွက် စင်ကြယ်သောငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်နှင့် ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်ဟု မိန့်မှာရမည်။
14:5 ငှက်တစ်ကောင်ကို မြေအိုးထဲရှိ စမ်းရေ ပေါ်၌သတ်ရန် ယဇ်ပုရောဟိတ်မိန့်မှာရမည်။
14:6 ယဇ်ပုရောဟိတ်သည် ကျန်ငှက်အရှင်ကိုယူ၍ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့နှင့်အတူ ထိုငှက်အရှင်ကို စမ်းရေပေါ်တွင်သတ်ခဲ့သောငှက်သွေးထဲသို့ နှစ်၍
14:7 အနာကြီးရောဂါမှစင်ကြယ်စေခြင်းခံသောသူအား ခုနစ်ကြိမ်ဖျန်းရမည်။ ထို့နောက်မှ သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ငှက်အရှင်ကိုကား ကွင်းပြင်သို့ လွှတ်လိုက်ရမည်။
14:8 စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
14:9 ခုနစ်ရက်မြောက်သောနေ့၌ သူသည် မိမိအမွေးရှိသမျှကိုရိတ်ရမည်။ မိမိ၏ဆံပင်၊ မုတ်ဆိတ်မွေးနှင့် မျက်ခုံးမွေးတို့မှစ၍ အမွေးရှိသမျှတို့ကို ရိတ်ရမည်။ မိမိအဝတ်ကိုလျှော်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
14:10 ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ နှင့် ဆီတစ်လောဃ ကို ယူဆောင်လာရမည်။
14:11 စင်ကြယ်သည်ဟုကြေညာပေးမည့်ယဇ်ပုရောဟိတ်သည် ထိုအရာတို့ကို စင်ကြယ်စေခြင်းခံသောသူနှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
14:12 ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
14:13 ထိုသိုးသငယ်အထီးကို အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ရာယဇ်ကောင်တို့ကိုသတ်သောနေရာဖြစ်သည့် သန့်ရှင်းသောနေရာ၌ သတ်ရမည်။ အကြောင်းမူကား အပြစ်ဖြေရာယဇ်ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်ကို ယဇ်ပုရောဟိတ်ပိုင်၍ အထူးသန့်ရှင်းသောအရာဖြစ်၏။
14:14 ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
14:15 ယဇ်ပုရောဟိတ်သည် ဆီတစ်လောဃထဲမှ အချို့ကိုယူ၍ မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
14:16 မိမိ၏ယာဘက်လက်ချောင်းကို ဘယ်ဘက်လက်ဖဝါးထဲရှိဆီထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၌ ထိုဆီကို မိမိလက်ချောင်းဖြင့် ခုနစ်ကြိမ်ဖျန်းရမည်။
14:17 မိမိ၏လက်ဖဝါးထဲမှ ကျန်သောဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မ၊ ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
14:18 မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
14:19 တစ်ဖန် ယဇ်ပုရောဟိတ်သည် မစင်ကြယ်ခြင်းမှစင်ကြယ်စေခြင်းခံသောသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရန် အပြစ်ဖြေရာယဇ်ကိုပူဇော်ရမည်။ ထို့နောက်မှ မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။
14:20 ယဇ်ပုရောဟိတ်သည် မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်။
14:21 သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊
14:22 ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကိုလည်းကောင်း မိမိတတ်နိုင်သည့်အတိုင်း ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၍ ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
14:23 ရှစ်ရက်မြောက်သောနေ့၌ သူသည် ၎င်းတို့ကို မိမိ၏သန့်စင်ခြင်းအတွက် ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
14:24 ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်နှင့် ဆီတစ်လောဃကို ယူရမည်။ ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
14:25 ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်ကိုသတ်ပြီးလျှင် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
14:26 ယဇ်ပုရောဟိတ်သည် ဆီအချို့ကို မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
14:27 ယဇ်ပုရောဟိတ်သည် ဘယ်ဘက်လက်ဖဝါးထဲရှိဆီအချို့ကို မိမိ၏ယာဘက်လက်ချောင်းဖြင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။
14:28 ယဇ်ပုရောဟိတ်သည် မိမိလက်ဖဝါးထဲရှိဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
14:29 ယဇ်ပုရောဟိတ်သည် မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သူ့ခေါင်းပေါ်၌ လိမ်းပေးရမည်။
14:30 ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူတတ်နိုင်သည့်ထဲမှ ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင် တစ်မျိုးမျိုးကို ပူဇော်ရမည်။
14:31 ထိုသူတတ်နိုင်သည့်ထဲမှ တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့်အတူ ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
14:32 ဤသည်ကား အနာကြီးရောဂါအနာစွဲ၍ မိမိ၏သန့်စင်ခြင်းအတွက် မတတ်နိုင်သောသူနှင့်ဆိုင်သည့်ပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
14:33 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
14:34 “သင်တို့အား ပိုင်ဆိုင်ရာအဖြစ် ငါပေးသောခါနာန်ပြည်ထဲသို့ သင်တို့ဝင်ရောက်၍ သင်တို့ပိုင်ဆိုင်ရာပြည်ရှိအိမ်၌ မှိုစွဲနာ ကို ငါဖြစ်ပွားစေသောအခါ
14:35 အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့လာ၍ ‘အကျွန်ုပ်၏အိမ်၌ အနာစွဲသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရပါသည်’ဟု ပြောပြရမည်။
14:36 ယဇ်ပုရောဟိတ်သည် အိမ်ထဲရှိပစ္စည်းအားလုံးမစင်ကြယ်ဟု မကြေညာမိစေရန် သူသည် အနာကိုကြည့်ရှုစစ်ဆေးရန် အိမ်ထဲသို့မဝင်မီ အိမ်ကိုအလွတ်ထားရမည့်အကြောင်း မိန့်မှာရမည်။ ထို့နောက်မှ ယဇ်ပုရောဟိတ်သည် အိမ်ကိုကြည့်ရှုစစ်ဆေးရန် ဝင်ရမည်။
14:37 သူသည် အနာကိုကြည့်ရှုစစ်ဆေးသောအခါ အိမ်နံရံရှိအနာသည် စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင်ဖြစ်၍ နံရံထဲထိစွဲနေဟန်ရှိလျှင်
14:38 ယဇ်ပုရောဟိတ်သည် အိမ်ထဲမှ အိမ်တံခါးပေါက်သို့ထွက်လာ၍ အိမ်ကို ခုနစ်ရက်ပိတ်ထားရမည်။
14:39 ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် တစ်ဖန်လာ၍ ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အိမ်နံရံပေါ်၌ ပျံ့သွားလျှင်
14:40 အနာစွဲနေသောကျောက်တုံးများကို ထုတ်ပစ်၍ မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ လွှင့်ပစ်ရမည်ဟု ယဇ်ပုရောဟိတ်မိန့်မှာရမည်။
14:41 အိမ်အတွင်းပတ်ပတ်လည်ကို ခြစ်ထုတ်၍ ထိုခြစ်ထုတ်သောအမှုန့်ကို မြို့ပြင်ရှိ မစင်ကြယ်သောနေရာ၌ သွန်ပစ်ရမည်။
14:42 ယခင်ကျောက်တုံးများနေရာ၌ အခြားကျောက်တုံးများကိုယူ၍ အစားထိုးရမည်။ ရွှံ့စေးသရွတ်အသစ်ကိုယူ၍ အိမ်ကို သရွတ်ကိုင်ရမည်။
14:43 ကျောက်တုံးများကိုထုတ်ပစ်ပြီး၊ အိမ်ကိုခြစ်ထုတ်ပြီး၊ သရွတ်ကိုင်ပြီးဖြစ်သော်လည်း အိမ်ထဲ၌ အနာပြန်၍ပြန့်ပွားလျှင်
14:44 ယဇ်ပုရောဟိတ်သည်လာ၍ ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အိမ်ထဲ၌ပျံ့သွားလျှင် ထိုအနာသည် အိမ်ထဲ၌ဖြစ်သည့် ဆိုးရွားသော မှိုစွဲနာဖြစ်၏။ ထိုအိမ်သည် မစင်ကြယ်။
14:45 ထိုအိမ်ကို ဖြိုချ၍ အိမ်၏ကျောက်တုံး၊ သစ်သား၊ အိမ်ကိုကိုင်ထားသောသရွတ်ရှိသမျှတို့ကို မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ ယူသွားရမည်။
14:46 ထိုအိမ်ကိုပိတ်ထားသောကာလအတွင်း အိမ်ထဲသို့ဝင်သောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
14:47 ထိုအိမ်ထဲ၌ အိပ်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုအိမ်ထဲ၌စားသောက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။
14:48 အိမ်ကိုသရွတ်ကိုင်ပြီးနောက် ယဇ်ပုရောဟိတ်သည် လာ၍ကြည့်ရှုစစ်ဆေးသောအခါ အနာသည် အိမ်ထဲ၌ ပျံ့သွားခြင်းမရှိလျှင် အနာပျောက်ကင်းပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် ထိုအိမ်အား စင်ကြယ်သည်ဟု ကြေညာရမည်။
14:49 အိမ်ကိုသန့်စင်စေရန်အတွက် ငှက်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်။
14:50 ငှက်တစ်ကောင်ကို မြေအိုးထဲရှိ စမ်းရေပေါ်၌ သတ်ရမည်။
14:51 ထို့နောက် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်၊ ငှက်အရှင်တို့ကိုယူ၍ သတ်ခဲ့သောငှက်၏သွေးနှင့် စမ်းရေရှိရာအိုးထဲသို့ ၎င်းတို့ကို နှစ်၍ ထိုအိမ်ကို ခုနစ်ကြိမ်ဖျန်းရမည်။
14:52 ထိုအိမ်ကို ငှက်သွေး၊ စမ်းရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ဖြင့် သန့်စင်စေရမည်။
14:53 ငှက်အရှင်ကို မြို့ပြင်ရှိ ကွင်းပြင်သို့ လွှတ်လိုက်ရမည်။ ဤသို့ဖြင့် ထိုအိမ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ထိုအိမ်သည် စင်ကြယ်လိမ့်မည်။
14:54 ဤသည်ကား အနာကြီးရောဂါအမျိုးမျိုးနှင့်ဆိုင်သော ပညတ်တရားဖြစ်၏။ ယားနာ၊
14:55 အဝတ်နှင့်အိမ်တို့၌ဖြစ်တတ်သော မှိုစွဲနာနှင့်ပတ်သက်၍
14:56 အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက် တို့နှင့်ပတ်သက်၍
14:57 မစင်ကြယ်ချိန်၊ စင်ကြယ်ချိန်ကို ညွှန်ကြားပေးသော အနာကြီးရောဂါနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။