Leviticus 23
23:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
23:2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။
23:3 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။
23:4 အချိန်တန်သောအခါ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကား ဤသို့ဖြစ်၏။
23:5 ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
23:6 ထာဝရဘုရားအဖို့ တဆေးမဲ့မုန့်ပွဲတော်ကို ထိုလ တစ်ဆယ့်ငါးရက်နေ့တွင် ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရမည်။
23:7 ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
23:8 ခုနစ်ရက်ပတ်လုံး မီးဖြင့်ပူဇော်သောယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ ခုနစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရ”ဟု မိန့်တော်မူ၏။
23:9 တစ်ဖန် ထာဝရဘုရားက မောရှေအား
23:10 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
23:11 သင်တို့ကို လက်ခံမည့်အကြောင်း ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ဥပုသ်နေ့လွန်ပြီးနောက်တစ်နေ့၌ ချီလွှဲရမည်။
23:12 သီးနှံအစည်းကို ချီလွှဲသောနေ့၌ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
23:13 ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံ ဖြစ်ရမည်။
23:14 သင်တို့ပူဇော်မည့်မုန့်ဖြစ်စေ၊ သီးနှံအခြောက်ဖြစ်စေ၊ သီးနှံအစိုဖြစ်စေ သင်တို့၏ဘုရားသခင်ထံသို့ ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည့်နေ့မရောက်မချင်း မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
23:15 ချီလွှဲရာပူဇော်သက္ကာဖြစ်သောသီးနှံအစည်းကို သင်တို့ယူဆောင်လာသောနေ့ဖြစ်သည့် ဥပုသ်နေ့၏နောက်တစ်နေ့မှစ၍ မိမိဘာသာမိမိ ဥပုသ်ခုနစ်ပတ်ပြည့်သည်အထိ ရေတွက်ရမည်။
23:16 သတ္တမမြောက်ဥပုသ်နေ့၏နောက်တစ်နေ့အထိ ရက်ပေါင်းငါးဆယ်ရေတွက်၍ သီးနှံအသစ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်ရမည်။
23:17 သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။
23:18 ထိုမုန့်နှင့်အတူ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်၊ နွားထီးပျိုတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ ထိုအကောင်တို့နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
23:19 အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်တစ်ကောင်၊ မိတ်သဟာယယဇ်အတွက် တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကို ပူဇော်ရမည်။
23:20 ယဇ်ပုရောဟိတ်သည် သိုးသငယ်နှစ်ကောင်ကို အဦးဆုံးသီးနှံ၏မုန့်နှင့်အတူ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ထိုအရာတို့သည် ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
23:21 သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်ဟု ထိုနေ့၌ပင် ကြေညာရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
23:22 သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။ ၎င်းတို့ကို ဆင်းရဲသားနှင့် တိုင်းတစ်ပါးသားတို့အတွက် ထားခဲ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
23:23 တစ်ဖန် ထာဝရဘုရားက မောရှေအား
23:24 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
23:25 မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကိုသာ ပူဇော်ရမည်”ဟု မိန့်တော်မူ၏။
23:26 တစ်ဖန် ထာဝရဘုရားက မောရှေအား
23:27 “သတ္တမလ၊ ဆယ်ရက်နေ့သည် အပြစ်ဖြေလွှတ်ခြင်းနေ့ဖြစ်၏။ သင်တို့အတွက် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ် ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။
23:28 ထိုနေ့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရာနေ့ဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
23:29 ထိုနေ့၌ မိမိ၏စိတ်ဆန္ဒကိုမငြင်းပယ်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
23:30 ထိုနေ့၌ အလုပ်တစ်စုံတစ်ရာလုပ်သောသူမည်သူမဆို သူ၏လူမျိုးအလယ်၌ သူ့ကို ငါဖျက်ဆီးပစ်မည်။
23:31 သင်တို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
23:32 ထိုနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤလကိုးရက်နေ့ နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ ဥပုသ်နေ့ကို သင်တို့စောင့်ထိန်းရမည်”ဟု မိန့်တော်မူ၏။
23:33 တစ်ဖန် ထာဝရဘုရားက မောရှေအား
23:34 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ယာယီတဲစုပွဲ ကျင်းပရမည်။
23:35 ပထမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မည်သည့် အလုပ်ကိုမျှ မလုပ်ရ။
23:36 ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။ ရှစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကိုပြု၍ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။ ဤနေ့ကား ဓမ္မစည်းဝေးပွဲနေ့ကြီးဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
23:37 ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ရက်အလိုက်ပူဇော်ရန် သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များဖြစ်၏။
23:38 ထာဝရဘုရား၏ဥပုသ်နေ့ကိုစောင့်ထိန်းသည်သာမက၊ သင်တို့၏ပူဇော်သက္ကာများ၊ သင်တို့၏ကတိသစ္စာအလျောက်ပူဇော်သောအရာအားလုံး၊ သင်တို့၏စေတနာအလျောက်ပူဇော်သောအရာအားလုံးတို့ကို ထာဝရဘုရားအား ပူဇော်ရမည်။
23:39 ထို့ပြင် မြေအသီးအနှံကိုစုသိမ်းသောအခါ သတ္တမလ၏တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ပထမနေ့နှင့် အဋ္ဌမနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။
23:40 သင်တို့သည် ပထမနေ့၌ ကောင်းသောအပင်၏အသီး၊ စွန်ပလွံခက်များ၊ အရွက်ဝေဆာသောအပင်၏အကိုင်း၊ ချောင်းဘေးရှိမိုးမခပင်များကို ယူ၍ ခုနစ်ရက်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
23:41 ထာဝရဘုရားအဖို့ ထိုပွဲတော်ကို တစ်နှစ်လျှင် ခုနစ်ရက် ကျင်းပရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ထိုပွဲတော်ကို သတ္တမလတွင် ကျင်းပရမည်။
23:42 သင်တို့သည် ခုနစ်ရက်ပတ်လုံး ယာယီတဲ၌သာ နေထိုင်ရမည်။ အစ္စရေးအမျိုးသားတိုင်း ယာယီတဲ၌ နေထိုင်ရမည်။
23:43 ထိုသို့ပြုခြင်းဖြင့် ငါသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာသောအခါ သူတို့ကို ယာယီတဲများ၌ နေထိုင်စေခဲ့ကြောင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် သိရှိကြရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
23:44 မောရှေသည်လည်း ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။