Leviticus 24
24:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
24:2 “မီးခွက်အစဉ်မပြတ်လင်းနေစေရန် မီးထွန်းစရာအတွက် ထောင်းယူသောသံလွင်ဆီသန့်ကို သင့်ထံသို့ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။
24:3 တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာ၏အပြင်ဘက်တွင် အာရုန်သည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
24:4 အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ရွှေစင်ဆီမီးခုံ ပေါ်တွင် အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။
24:5 သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။
24:6 ထိုမုန့်တို့ကို ထာဝရဘုရားရှေ့တော်၊ ရွှေစင်ဖြင့်မွမ်းမံသောစားပွဲ ပေါ်တွင် တစ်ပုံကိုခြောက်ခုစီဆင့်၍ နှစ်ပုံ ပုံထားရမည်။
24:7 တစ်ပုံစီအပေါ်တွင် သန့်စင်သောလော်ဗန်ကို တင်ထားရမည်။ ၎င်းသည် မုန့်အတွက် ပူဇော်သက္ကာအမှတ်သညာဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာဖြစ်၏။
24:8 ထိုမုန့်ကို ထာဝရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်မပြတ်ပြင်ဆင်ထားရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့အတွက် ထာဝရပဋိညာဉ်ဖြစ်၏။
24:9 ထိုမုန့်သည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာများထဲမှ အာရုန်အတွက် အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုမုန့်ကို သန့်ရှင်းသောနေရာ၌စားရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
24:10 အစ္စရေးအမျိုးသမီးနှင့် အီဂျစ်အမျိုးသားမှ မွေးဖွားသောသားတစ်ယောက်သည် အစ္စရေးအမျိုးသားတို့ထဲမှထွက်သွား၏။ တစ်နေ့၌ ထိုအစ္စရေးအမျိုးသမီး၏သားသည် တပ်စခန်းထဲ၌ အစ္စရေးအမျိုးသားတစ်ယောက်နှင့်ရန်ဖြစ်၏။
24:11 ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။
24:12 သူတို့သည် ထာဝရဘုရား၏အမိန့်တော်ကို သေသေချာချာသိရသည်အထိ သူ့ကို အကျဉ်းချထားလေ၏။
24:13 ထိုအခါ ထာဝရဘုရားက မောရှေအား
24:14 “ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
24:15 သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် မိမိ၏ဘုရားသခင်ကိုကျိန်ဆဲလျှင် ထိုသူသည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
24:16 ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
24:17 မည်သူမဆို လူ့အသက်ကို သတ်လျှင် ထိုသူသည် မုချအသတ်ခံရမည်။
24:18 သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် တစ်ကောင်အတွက်တစ်ကောင် အလျော်ပေးရမည်။
24:19 တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို အနာတရဖြစ်စေလျှင် ထိုသူသည် မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
24:20 တစ်စုံတစ်ယောက်ကို အနာတရဖြစ်စေသောသူသည် အရိုးချိုးသည့်အတွက်အရိုးချိုးခြင်း၊ မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
24:21 သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် အလျော်ပြန်ပေးရမည်။ လူကိုသတ်သောသူမူကား ပြန်၍အသတ်ခံရမည်။
24:22 တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ သင်တို့၌ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
24:23 မောရှေသည်လည်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလေ၏။ ထို့နောက် သူတို့သည် ကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ထုတ်သွား၍ ခဲနှင့်ပေါက်သတ်ကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြလေ၏။