Library · my

Numbers 1

1:1 အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ ပထမ​နေ့​၌ သိနာ​တောကန္တာရ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ထာဝရဘုရား​က မောရှေ​အား 1:2 “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။ 1:3 သင်​နှင့်​အာရုန်​သည် အစ္စရေး​လူမျိုး​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို တပ်ဖွဲ့​အလိုက် ရေတွက်​ရ​မည်​။ 1:4 အမျိုးအနွယ်​အသီးသီး​ထဲမှ တစ်မျိုး​တစ်ယောက်စီ သင်​တို့​နှင့်အတူ​ရှိ​ရ​မည်​။ သူ​တို့​တစ်ဦးစီ​သည် မိမိ​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​၌ အကြီးအမှူး​ဖြစ်​ရ​မည်​။ 1:5 သင်​တို့​ကို​ကူညီ​မည့်​သူ​တို့​၏​အမည်​များ​ကား ရုဗင်​အမျိုး​မှ ရှေဒုရ​၏​သား ဧလိဇုရ​၊ 1:6 ရှိမောင်​အမျိုး​မှ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​၊ 1:7 ယုဒ​အမျိုး​မှ အမိနဒပ်​၏​သား နာရှုန်​၊ 1:8 ဣသခါ​အမျိုး​မှ ဇုအာ​၏​သား နာသနေလ​၊ 1:9 ဇာဗုလုန်​အမျိုး​မှ ဟေလုန်​၏​သား ဧလျာဘ​၊ 1:10 ယောသပ်​၏​သား​တို့​တွင် ဧဖရိမ်​အမျိုး​မှ အမိဟုဒ်​၏​သား ဧလိရှမာ​၊ မနာရှေ​အမျိုး​မှ ပေဒါဇုရ​၏​သား ဂါမလျေလ​၊ 1:11 ဗင်္ယာမိန်​အမျိုး​မှ ဂိဒေါနိ​၏​သား အဘိဒန်​၊ 1:12 ဒန်​အမျိုး​မှ အမိရှဒ္ဒဲ​၏​သား အဟေဇာ​၊ 1:13 အာရှာ​အမျိုး​မှ ဩကရန်​၏​သား ပါဂျေလ​၊ 1:14 ဂဒ်​အမျိုး​မှ ဒွေလ​၏​သား ဧလျာသပ်​၊ 1:15 နဿလိ​အမျိုး​မှ ဧနန်​၏​သား အဟိရ တို့​ဖြစ်​ကြ​၏​။ 1:16 ထို​သူ​တို့​သည် လူထု​ထဲမှ ရွေးကောက်​ထား​သော​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။ အစ္စရေး​မျိုးနွယ်စု ​တို့​၏​အကြီးအမှူး​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။ 1:17 မောရှေ​နှင့်​အာရုန်​သည် နာမည်​အရွေး​ခံရ​သော ထို​သူ​တို့​ကို​ခေါ်​၍ 1:18 ဒုတိယ​လ​၊ ပထမ​နေ့​၌ လူထု​အပေါင်း​တို့​ကို စုရုံး​စေ​ပြီးလျှင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လေ​၏​။ 1:19 မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။ 1:20 အစ္စရေး​၏​သားဦး​ဖြစ်​သော ရုဗင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ 1:21 ရုဗင်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ခြောက်ထောင့်​ငါး​ရာ ရှိ​၏​။ 1:22 ရှိမောင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ 1:23 ရှိမောင်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ရှိ​၏​။ 1:24 ဂဒ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:25 ဂဒ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါးထောင့်​ခြောက်​ရာ့​ငါးဆယ် ရှိ​၏​။ 1:26 ယုဒ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:27 ယုဒ​အမျိုးအနွယ်​ထဲမှ ခုနစ်​သောင်း​လေး​ထောင့်​ခြောက်​ရာ ရှိ​၏​။ 1:28 ဣသခါ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:29 ဣသခါ​အမျိုးအနွယ်​ထဲမှ ငါး​သောင်း​လေး​ထောင့်​လေး​ရာ ရှိ​၏​။ 1:30 ဇာဗုလုန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:31 ဇာဗုလုန်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ခုနစ်​ထောင့်​လေး​ရာ ရှိ​၏​။ 1:32 ယောသပ်​၏​သားမြေး​ဖြစ်​သော ဧဖရိမ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:33 ဧဖရိမ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါး​ရာ ရှိ​၏​။ 1:34 မနာရှေ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:35 မနာရှေ​အမျိုးအနွယ်​ထဲမှ သုံးသောင်း​နှစ်ထောင့်​နှစ်ရာ ရှိ​၏​။ 1:36 ဗင်္ယာမိန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:37 ဗင်္ယာမိန်​အမျိုးအနွယ်​ထဲမှ သုံးသောင်း​ငါးထောင့်​လေး​ရာ ရှိ​၏​။ 1:38 ဒန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:39 ဒန်​အမျိုးအနွယ်​ထဲမှ ခြောက်သောင်း​နှစ်ထောင့်​ခုနစ်​ရာ ရှိ​၏​။ 1:40 အာရှာ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:41 အာရှာ​အမျိုးအနွယ်​ထဲမှ လေးသောင်း​တစ်ထောင့်​ငါး​ရာ ရှိ​၏​။ 1:42 နဿလိ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ 1:43 နဿလိ​အမျိုးအနွယ်​ထဲမှ ငါးသောင်းသုံးထောင့်​လေး​ရာ ရှိ​၏​။ 1:44 ထို​သူ​တို့​မှာ မောရှေ​၊ အာရုန်​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အသီးသီး​မှ​အစ္စရေး​ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ဦး​တို့ ရေတွက်​သော​သူ​တို့​၏​အရေအတွက်​များ​ဖြစ်​ကြ​၏​။ 1:45 သူ​တို့​သည် ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် အစ္စရေး​လူမျိုး​ထဲမှ စစ်မှုထမ်း​နိုင်​သော​အစ္စရေး​အမျိုးသား​အားလုံး​တို့​၏​အရေအတွက် ဖြစ်​၏​။ 1:46 သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။ 1:47 သူ​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​ထဲမှ လေဝိ​အမျိုး​တို့​ကို​ကား သူ​တို့​နှင့်အတူ မ​ရေတွက်​ပေ​။ 1:48 ထာဝရဘုရား​က မောရှေ​အား 1:49 “​လေဝိ​အမျိုးအနွယ်​တို့​ကို​ကား သင် မ​ရေတွက်​ရ​။ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ သူ​တို့​၏​လူဦးရေစာရင်း​ကို​လည်း မ​ကောက်​ရ​။ 1:50 လေဝိ​အမျိုး​တို့​ကို သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​၊ ထို​တဲ​တော်​နှင့်​ဆိုင်​သမျှ​တို့​ကို ထိန်းသိမ်း​ဖို့ ခန့်အပ်​လော့​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏ တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​ဆောင်ရွက်​၍ ထို​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ 1:51 ရွှေ့ပြောင်း​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ဖြုတ်သိမ်း​ရ​မည်​။ စခန်းချ​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စိုက်ထူ​ရ​မည်​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​။ 1:52 အစ္စရေး​အမျိုးသား​တို့​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​၏​စခန်း​၌​လည်းကောင်း​၊ မိမိ​တို့​၏​အလံ​နားတွင်​လည်းကောင်း စခန်းချ​ရ​မည်​။ 1:53 လေဝိ​အမျိုး​တို့​မူကား အစ္စရေး​အမျိုးသား​လူထု​ပေါ်သို့ အမျက်​တော်​မ​သက်ရောက်​စေရန် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ လေဝိ​အမျိုး​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စောင့်ရှောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 1:54 အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။