Library · my

Numbers 26

26:1 ထို​ဘေးဒဏ်​ပြီးနောက် ထာဝရဘုရား​က မောရှေ​နှင့် အာရုန်​၏​သား ယဇ်ပုရောဟိတ်​ဧလာဇာ​အား 26:2 “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​စစ်မှု​ထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို သူ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​”​ဟု မိန့်​တော်မူ​၏​။ 26:3 သို့ဖြစ်၍ ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​အား 26:4 “​မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ​တို့​ကို စာရင်းကောက်ယူ​လော့​”​ဟု ဆို​လေ​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​အစ္စရေး​လူမျိုး​တို့​၏​အမျိုးအနွယ်​များ​ကား 26:5 အစ္စရေး​၏​သားဦး​မှာ ရုဗင်​ဖြစ်​၏​။ ရုဗင်​၏​အမျိုးအနွယ်​များ​ကား ဟာနုတ်​မှ​ဆင်းသက်​သော ဟာနုတ်​မျိုးနွယ်စု​၊ ဖာလု​မှ​ဆင်းသက်​သော ဖာလု​မျိုးနွယ်စု​၊ 26:6 ဟေဇရုံ​မှ​ဆင်းသက်​သော ဟေဇရုန်​မျိုးနွယ်စု​၊ ကာမိ​မှ​ဆင်းသက်​သော ကာမိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:7 ဤသည်ကား ရုဗင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်းသုံးထောင်​ခုနစ်​ရာ့​သုံးဆယ်​ရှိ​၏​။ 26:8 ဖာလု​၏​သား​မှာ ဧလျာဘ​ဖြစ်​၏​။ 26:9 ဧလျာဘ​၏​သား​များ​မှာ နေမွေလ​၊ ဒါသန်​၊ အဘိရံ တို့​ဖြစ်​ကြ​၏​။ ဤ​ဒါသန်​နှင့်​အဘိရံ​သည် လူထု​၏​ရွေးကောက်တင်မြှောက်​ခြင်း​ခံရ​သူ​များ​ဖြစ်ပြီး ကောရ​၏​အပေါင်းပါ​များ​နှင့်အတူ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်ပုန်ကန်​သော​သူ​များ​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​ပုန်ကန်​သော​သူ​များ ဖြစ်​ကြ​၏​။ 26:10 ထို့ကြောင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ ကောရ​နှင့်အတူ သူ​တို့​ကို​မျို​၏​။ ထိုသို့ ကောရ​နှင့်​သူ​၏​အပေါင်းပါ​များ​သေ​ကြ​၏​။ လူ​အယောက်​နှစ်ရာ့​ငါးဆယ်​ကို​လည်း မီး​လောင်ကျွမ်း​လေ​၏​။ ထို​သူ​တို့​သည် သတိပြုစရာ​သက်သေ​ဖြစ်​ကြ​၏​။ 26:11 ကောရ​၏​သား​တို့​မူကား အသတ်​မ​ခံရ​ကြ​။ 26:12 မျိုးနွယ်စု​အလိုက် ရှိမောင်​၏​အမျိုးအနွယ်​များ​ကား နေမွေလ ​မှ​ဆင်းသက်​သော နေမွေလ​မျိုးနွယ်စု​၊ ယာမိန်​မှ​ဆင်းသက်​သော ယာမိန်​မျိုးနွယ်စု​၊ ယာခိန်​မှ​ဆင်းသက်​သော ယာခိန်​မျိုးနွယ်စု​၊ 26:13 ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု​၊ ရှောလ​မှ​ဆင်းသက်​သော ရှောလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:14 ဤသည်ကား ရှိမောင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး နှစ်သောင်းနှစ်ထောင့်​နှစ်ရာ​ရှိ​၏​။ 26:15 မျိုးနွယ်စု​အလိုက် ဂဒ်​၏​အမျိုးအနွယ်​များ​ကား ဇေဖုန်​မှ​ဆင်းသက်​သော ဇေဖုန်​မျိုးနွယ်စု​၊ ဟဂ္ဂိ​မှ​ဆင်းသက်​သော ဟဂ္ဂိ​မျိုးနွယ်စု​၊ ရှုနိ​မှ​ဆင်းသက်​သော ရှုနိ​မျိုးနွယ်စု​၊ 26:16 ဩဇနိ​မှ​ဆင်းသက်​သော ဩဇနိ​မျိုးနွယ်စု​၊ ဧရိ​မှ​ဆင်းသက်​သော ဧရိ​မျိုးနွယ်စု​၊ 26:17 အာရုဒ်​မှ​ဆင်းသက်​သော အရောဒိ​မျိုးနွယ်စု​၊ အရေလိ​မှ​ဆင်းသက်​သော အရေလိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:18 ဤသည်ကား ဂဒ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါး​ရာ​ရှိ​၏​။ 26:19 ယုဒ​၏​သား​များ​မှာ ဧရ​နှင့်​ဩနန် တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌ သေဆုံး​သွား​ကြ​၏​။ 26:20 မျိုးနွယ်စု​အလိုက် ယုဒ​၏​အမျိုးအနွယ်​များ​ကား ရှေလ​မှ​ဆင်းသက်​သော ရှေလ​မျိုးနွယ်စု​၊ ဖာရက်​မှ​ဆင်းသက်​သော ဖာရက်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:21 ဖာရက်​၏​အမျိုးအနွယ်​များ​ကား ဟေဇရုန်​မှ​ဆင်းသက်​သော ဟေဇရုန်​မျိုးနွယ်စု​၊ ဟာမုလ​မှ​ဆင်းသက်​သော ဟာမုလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:22 ဤသည်ကား ယုဒ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ခုနစ်သောင်း​ခြောက်ထောင့်​ငါး​ရာ​ရှိ​၏​။ 26:23 မျိုးနွယ်စု​အလိုက် ဣသခါ​အမျိုးအနွယ်​များ​ကား တောလ​မှ​ဆင်းသက်​သော တောလ​မျိုးနွယ်စု​၊ ဖုဝါ​မှ​ဆင်းသက်​သော ဖုဝါ​မျိုးနွယ်စု​၊ 26:24 ယာရှုပ်​မှ​ဆင်းသက်​သော ယာရှုပ်​မျိုးနွယ်စု​၊ ရှိမရုန်​မှ​ဆင်းသက်​သော ရှိမရုန်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:25 ဤသည်ကား ဣသခါ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ခြောက်​သောင်း​လေး​ထောင့်​သုံး​ရာ​ရှိ​၏​။ 26:26 မျိုးနွယ်စု​အလိုက် ဇာဗုလုန်​၏​အမျိုးအနွယ်​များ​ကား သရက်​မှ​ဆင်းသက်​သော သရက်​မျိုးနွယ်စု​၊ ဧလုန်​မှ​ဆင်းသက်​သော ဧလုန်​မျိုးနွယ်စု​၊ ယာလေလ​မှ​ဆင်းသက်​သော ယာလေလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:27 ဤသည်ကား ဇာဗုလုန်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ခြောက်သောင်း​ငါး​ရာ​ရှိ​၏​။ 26:28 မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ်​များ​ကား မနာရှေ​နှင့်​ဧဖရိမ် တို့​ဖြစ်​ကြ​၏​။ 26:29 မနာရှေ​အမျိုးအနွယ်​များ​ကား မာခိရ​မှ​ဆင်းသက်​သော မာခိရ​မျိုးနွယ်စု​၊ မာခိရ​သား ဂိလဒ်​မှ​ဆင်းသက်​သော ဂိလဒ်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:30 ဂိလဒ်​၏​အမျိုးအနွယ်​များ​ကား ယေဇေရ​မှ​ဆင်းသက်​သော ယေဇေရ​မျိုးနွယ်စု​၊ ဟေလက်​မှ​ဆင်းသက်​သော ဟေလက်​မျိုးနွယ်စု​၊ 26:31 အသရေလ​မှ​ဆင်းသက်​သော အသရေလ​မျိုးနွယ်စု​၊ ရှေခင်​မှ​ဆင်းသက်​သော ရှေခင်​မျိုးနွယ်စု​၊ 26:32 ရှမိဒ​မှ​ဆင်းသက်​သော ရှမိဒ​မျိုးနွယ်စု​၊ ဟေဖာ​မှ​ဆင်းသက်​သော ဟေဖာ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:33 ဟေဖာ​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​များ​သာ​ရှိ​၏​။ ထို​သမီး​တို့​၏​အမည်​မှာ မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ တို့​ဖြစ်​ကြ​၏​။ 26:34 ဤသည်ကား မနာရှေ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ငါးသောင်း​နှစ်ထောင့်​ခုနစ်​ရာ​ရှိ​၏​။ 26:35 မျိုးနွယ်စု​အလိုက် ဧဖရိမ်​၏​အမျိုးအနွယ်​များ​ကား ရှုသေလ​မှ​ဆင်းသက်​သော ရှုသေလ​မျိုးနွယ်စု​၊ ဗေခါ​မှ​ဆင်းသက်​သော ဗေခါ​မျိုးနွယ်စု​၊ တာဟန်​မှ​ဆင်းသက်​သော တာဟန်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:36 ရှုသေလ​၏​အမျိုးအနွယ်​များ​ကား ဧရန်​မှ​ဆင်းသက်​သော ဧရန်​မျိုးနွယ်စု ဖြစ်​၏​။ 26:37 ဤသည်ကား ဧဖရိမ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ သုံးသောင်း​နှစ်ထောင့်​ငါး​ရာ​ရှိ​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ် တို့​ဖြစ်​ကြ​၏​။ 26:38 မျိုးနွယ်စု​များ​အလိုက် ဗင်္ယာမိန်​၏​အမျိုးအနွယ်​များ​ကား ဗေလ​မှ​ဆင်းသက်​သော ဗေလိ​မျိုးနွယ်စု​၊ အာရှဗေလ​မှ​ဆင်းသက်​သော အာရှဗေလိ​မျိုးနွယ်စု​၊ အဟိရံ​မှ​ဆင်းသက်​သော အဟိရမိ​မျိုးနွယ်စု​၊ 26:39 ရှေဖုဖံ​မှ​ဆင်းသက်​သော ရှုဖံမိ​မျိုးနွယ်စု​၊ ဟုဖံ​မှ​ဆင်းသက်​သော ဟုဖံမိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:40 ဗေလ​၏​အမျိုးအနွယ်​များ​ကား အာရဒ​နှင့်​နေမန် တို့​ဖြစ်​ကြ​ပြီး အာရဒ​မှ​ဆင်းသက်​သော အာရဒ​မျိုးနွယ်စု​၊ နေမန်​မှ​ဆင်းသက်​သော နေမနိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:41 ဤသည်ကား မျိုးနွယ်စု​အလိုက် ဗင်္ယာမိန်​၏​အမျိုးအနွယ်​များ​ဖြစ်​ကြ​ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါးထောင့်​ခြောက်​ရာ​ရှိ​၏​။ 26:42 မျိုးနွယ်စု​အလိုက် ဒန်​၏​အမျိုးအနွယ်​များ​မှာ ရှုဟံ​မှ​ဆင်းသက်​သော ရှုဟံ​မျိုးနွယ်စု ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ဒန်​၏ အမျိုးအနွယ်​များ ဖြစ်​ကြ​၏​။ 26:43 ရှုဟံ​မျိုးနွယ်စု​ရှိ လူ​အားလုံး​၏​အရေအတွက်​မှာ ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ ရှိ​၏​။ 26:44 မျိုးနွယ်စု​အလိုက် အာရှာ​၏​အမျိုးအနွယ်​များ​မှာ ဣမန​မှ​ဆင်းသက်​သော ဣမန​မျိုးနွယ်စု​၊ ဣရွှိ​မှ​ဆင်းသက်​သော ဣရွှိ​မျိုးနွယ်စု​၊ ဗေရိယ​မှ​ဆင်းသက်​သော ဗေရိယ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:45 ဗေရိယ​၏​အမျိုးအနွယ်​များ​မှာ ဟေဗာ​မှ​ဆင်းသက်​သော ဟေဗာ​မျိုးနွယ်စု​၊ မာလချေလ​မှ​ဆင်းသက်​သော မာလချေလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:46 အာရှာ​သမီး​၏​အမည်​မှာ စေရ ဖြစ်​၏​။ 26:47 ဤသည်ကား အာရှာ​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ငါးသောင်းသုံးထောင့်​လေး​ရာ ရှိ​၏​။ 26:48 မျိုးနွယ်စု​အလိုက် နဿလိ​အမျိုးအနွယ်​များ​မှာ ယာဇေလ​မှ​ဆင်းသက်​သော ယာဇေလ​မျိုးနွယ်စု​၊ ဂုနိ​မှ​ဆင်းသက်​သော ဂုနိ​မျိုးနွယ်စု​၊ 26:49 ယေဇာ​မှ​ဆင်းသက်​သော ယေဇာ​မျိုးနွယ်စု​၊ ရှိလင်​မှ​ဆင်းသက်​သော ရှိလင်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:50 ဤသည်ကား မျိုးနွယ်စု​အလိုက် နဿလိ​၏​မျိုးနွယ်စု​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါးထောင့်​လေး​ရာ ရှိ​၏​။ 26:51 အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​မှာ ခြောက်သိန်း​တစ်ထောင်​ခုနစ်​ရာ့​သုံးဆယ် ရှိ​၏​။ 26:52 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 26:53 “​ဤ​ပြည်​ကို အမွေ​အဖြစ် ဤ​သူ​တို့​အား အမည်​စာရင်း​အလိုက် ခွဲဝေ​ပေး​ရ​မည်​။ 26:54 လူဦးရေ​များ​လျှင် များ​သည့်​အတိုင်း အမွေ​ခွဲဝေ​ပေး​ရ​မည်​။ လူဦးရေ​နည်း​လျှင် နည်း​သည့်​အတိုင်း အမွေ​ခွဲဝေ​ပေး​ရ​မည်​။ အမျိုးအနွယ်​အသီးသီး​တို့​ကို သူ​တို့​၏​အရေအတွက်​နှင့်အညီ အမွေ​ခွဲဝေ​ပေး​ရ​မည်​။ 26:55 ထို​ပြည်​ကို မဲချ​၍ ခွဲဝေ​ပေး​ရ​မည်​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အမည်​အလိုက် အမွေဆက်ခံ​ရ​မည်​။ 26:56 မဲ​ကျ​သည့်​အတိုင်း အနည်း​၊ အများ​အလိုက် အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 26:57 မျိုးနွယ်စု​အလိုက် လေဝိ​အမျိုး​စာရင်းဝင်​သော​သူ​တို့​ကား ဂေရရှုန်​မှ​ဆင်းသက်​သော ဂေရရှုန်​မျိုးနွယ်စု​၊ ကောဟတ်​မှ​ဆင်းသက်​သော ကောဟတ်​မျိုးနွယ်စု​၊ မေရာရိ​မှ​ဆင်းသက်​သော မေရာရိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ 26:58 လေဝိ​မျိုးနွယ်စု​များ​ကား လိဗနိ​မျိုးနွယ်စု​၊ ဟေဗြုန်​မျိုးနွယ်စု​၊ မဟာလိ​မျိုးနွယ်စု​၊ မုရှိ​မျိုးနွယ်စု​၊ ကောရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ ကောဟတ်​သည် အာမရံ​၏​ဖခင် ဖြစ်​၏​။ 26:59 အာမရံ​မယား​၏​အမည်​မှာ ယောခေဗက် ဖြစ်​၏​။ အီဂျစ်​ပြည်​၌ လေဝိ​မယား​မွေးဖွား​သော လေဝိ​သမီး​ဖြစ်​၏​။ ယောခေဗက်​သည် အာမရံ​အားဖြင့် အာရုန်​၊ မောရှေ​နှင့် သူ​တို့​၏​အစ်မ​မိရိအံ တို့​ကို မွေးဖွား​၏​။ 26:60 အာရုန်​သည် သား နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ကို ရ​၏​။ 26:61 နာဒပ်​နှင့် အဘိဟု​သည် မိန့်မှာ​ထား​တော်မူ​သော​မီး​မ​ဟုတ်​သည့်​အခြား​သော​မီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​သဖြင့် သေဆုံး​သွား​ကြ​၏​။ 26:62 လေဝိ​အမျိုး​တွင် တစ်လသား​အရွယ်​နှင့်​အထက်​ရှိ ယောက်ျား​အားလုံး​တို့​၏​အရေအတွက်​မှာ နှစ်သောင်းသုံးထောင် ရှိ​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အမွေ​မ​ခံရ​သဖြင့် သူ​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။ 26:63 ဤသည်ကား ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​ကို ရေတွက်​ခဲ့​သော​အရေအတွက် ဖြစ်​၏​။ 26:64 ဤ​သူ​တို့​ထဲတွင် သိနာ​တောကန္တာရ​၌ မောရှေ​နှင့်​ယဇ်ပုရောဟိတ်​အာရုန်​တို့ ရေတွက်​ခဲ့​သည့်​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​တစ်​ယောက်​မျှ မ​ပါဝင်​ချေ​။ 26:65 “​ထို​သူ​တို့​သည် တောကန္တာရ​၌ မုချ​သေ​ရ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သောကြောင့် ထို​သူ​တို့​တွင် ယေဖုန္နာ​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​မှလွဲ၍ မည်သူ​မျှ မ​ကျန်ရစ်​ပေ​။