Numbers 27
27:1 ယောသပ်၏သားဖြစ်သော မနာရှေမျိုးနွယ်စုထဲမှ မနာရှေ၏သားမှာ မာခိရ၊ မာခိရ၏သားမှာ ဂိလဒ်၊ ဂိလဒ်၏သားမှာ ဟေဖာ၊ ဟေဖာ၏သားမှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၏သမီးများကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဖြစ်၏။ ဇလောဖဒ်၏သမီးတို့သည် လာ၍
27:2 တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်နှင့်လူထုအပေါင်းတို့ရှေ့တွင် ရပ်လျက်
27:3 “အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
27:4 ထိုသို့ သူ၌သားမရှိသောကြောင့် အကျွန်ုပ်တို့ဖခင်၏အမည်ကို သူ့မျိုးနွယ်စုထဲမှ နုတ်ပယ်ကြမည်လော။ အကျွန်ုပ်တို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အကျွန်ုပ်တို့ကိုလည်း အမွေပေးပါလော့”ဟု တောင်းဆိုကြ၏။
27:5 မောရှေသည်လည်း သူတို့၏အမှုကို ထာဝရဘုရားထံ လျှောက်တင်လေ၏။
27:6 ထာဝရဘုရားက မောရှေအား
27:7 “စင်စစ် ဇလောဖဒ်သမီးတို့၏တောင်းလျှောက်ချက်မှာ သင့်လျော်၏။ သူတို့ဖခင်၏ညီအစ်ကိုများထဲမှ သူတို့ပိုင်ဆိုင်သောအမွေကို သူတို့အား ပေးရမည်။ သူတို့ဖခင်၏အမွေကို သူတို့အား လွှဲပြောင်းပေးရမည်။
27:8 သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် သားမရှိဘဲ သေဆုံးသွားလျှင် သူ၏အမွေကို သူ့သမီးအား လွှဲပြောင်းပေးရမည်။
27:9 သူ၌ သမီးမရှိလျှင် သူ၏အမွေကို သူ့ညီအစ်ကိုတို့အား ပေးရမည်။
27:10 သူ၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ့ဖခင်၏ညီအစ်ကိုတို့အား ပေးရမည်။
27:11 သူ့ဖခင်၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ၏မျိုးနွယ်စုထဲမှ သူနှင့်သွေးသားတော်စပ်သူအား ပေး၍ ထိုသူသည် အမွေကိုပိုင်ဆိုင်ရမည်’ဟူ၍ ဆင့်ဆိုရမည်။ ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
27:12 တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤအာဗရိမ်တောင်ပေါ်သို့ တက်သွား၍ အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
27:13 ထိုပြည်ကိုကြည့်ရှုပြီးသောအခါ သင်၏အစ်ကိုအာရုန်ကဲ့သို့ သင်သည်လည်း မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်။
27:14 အကြောင်းမူကား ဇိနတောကန္တာရ၌ လူထုတို့ပဋိပက္ခဖြစ်ကြစဉ်က သင်တို့သည် ငါ၏အမိန့်ကိုဖီဆန်၍ ရေအနားမှ ထိုသူတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ (ထိုရေကား ဇိနတောကန္တာရရှိ ကာဒေရှအရပ်မှ မေရိဘစမ်းရေဖြစ်၏။)
27:15 ထိုအခါ မောရှေက ထာဝရဘုရားအား
27:16 “လူသားအပေါင်းတို့၏အသက်ဝိညာဉ်ကိုပိုင်တော်မူသောဘုရားသခင် ထာဝရဘုရားသည် ဤလူထုကိုအုပ်စိုးရန် လူတစ်ယောက်ကိုခန့်ထားတော်မူပါစေသော။
27:17 ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။
27:18 ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။
27:19 သင်သည် သူ့ကို ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုအပေါင်းတို့၏ရှေ့၌ ရပ်စေ၍ သူတို့ရှေ့မှောက်၌ သူ့ကိုမိန့်မှာလော့။
27:20 အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် သူ့စကားကိုနားထောင်မည့်အကြောင်း သင်၏အခွင့်အာဏာအချို့ကို သူ့အားပေးလော့။
27:21 သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
27:22 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုအပေါင်းတို့ရှေ့၌ ရပ်နေစေ၏။
27:23 မိမိလက်ကို ယောရှုအပေါ် တင်၍ မိမိမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုအား မှာကြားလေ၏။