Numbers 28
28:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
28:2 “အစ္စရေးအမျိုးသားတို့ကို မိန့်မှာလော့။ ‘ငါ့အဖို့ ပူဇော်သက္ကာ၊ ငါ့အဖို့မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို သတ်မှတ်ထားသောအချိန်၌ ပူဇော်ရန် သတိပြုရမည်’ဟု သူတို့အား ဆင့်ဆိုလော့။
28:3 တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။
28:4 သိုးသငယ်တစ်ကောင်ကို နံနက်အချိန်တွင် ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်တွင် ပူဇော်ရမည်။
28:5 ထောင်းယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံ နှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
28:6 ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် သိနာတောင်ပေါ်တွင်စီရင်ခဲ့သော မီးဖြင့်ပူဇော်သည့် ပုံမှန်မီးရှို့ရာယဇ်ဖြစ်၏။
28:7 သွန်းလောင်းရာပူဇော်သက္ကာအတွက် သိုးသငယ်တစ်ကောင်နှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာန၌ သွန်းလောင်းရမည်။
28:8 နောက်သိုးသငယ်တစ်ကောင်ကို နံနက်အချိန်ဘောဇဉ်ပူဇော်သက္ကာကဲ့သို့လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာကဲ့သို့လည်းကောင်း ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်အဖြစ် နေဝင်ချိန်၌ ပူဇော်ရမည်။
28:9 ဥပုသ်နေ့၌လည်း အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ကိုလည်းကောင်း၊ သိုးသငယ်အတွက် သွန်းလောင်းရာပူဇော်သက္ကာကိုလည်းကောင်း ပူဇော်ရမည်။
28:10 ဤသည်ကား ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဥပုသ်နေ့တိုင်းပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။
28:11 လဆန်းတစ်ရက်နေ့တိုင်း အပြစ်အနာအဆာကင်းသည့် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
28:12 နွားတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ၊
28:13 သိုးသငယ်တစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။
28:14 နွားထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်၊ သိုးထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံ၊ သိုးသငယ်တစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်းတစ်ရက်နေ့တိုင်း လစဉ်ပူဇော်ရသောမီးရှို့ရာယဇ်ဖြစ်၏။
28:15 ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
28:16 ပထမလ၊ တစ်ဆယ့်လေးရက်နေ့သည် ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။
28:17 ဤလတစ်ဆယ့်ငါးရက်နေ့၌လည်း ပွဲတော်ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
28:18 ပထမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကိုပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
28:19 အပြစ်အနာအဆာကင်းသော နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
28:20 နွားထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို ပူဇော်ရမည်။
28:21 သိုးသငယ်ခုနစ်ကောင်တွင် တစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
28:22 သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
28:23 ပုံမှန်မီးရှို့ရာယဇ်ဖြစ်သည့် နံနက်အချိန်မီးရှို့ရာယဇ်အပြင် ထိုယဇ်တို့ကို ပူဇော်ရမည်။
28:24 ထိုနည်းတူ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို ခုနစ်ရက်ပတ်လုံး နေ့စဉ်ပူဇော်ရမည်။
28:25 ခုနစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
28:26 ခုနစ်သီတင်းမြောက်ပွဲတော်တွင် အဦးဆုံးသီးနှံပူဇော်သောနေ့၌ ထာဝရဘုရားအဖို့ သီးနှံအသစ်ပူဇော်သက္ကာကို ပူဇော်သောအခါ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။
28:27 ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။
28:28 နွားထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ၊
28:29 သိုးသငယ်ခုနစ်ကောင်တွင် တစ်ကောင်လျှင် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
28:30 သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း ပူဇော်ရမည်။
28:31 ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာအပြင် အပြစ်အနာအဆာကင်းသောယဇ်ကောင်များနှင့် ထိုယဇ်ကောင်များအတွက် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ပူဇော်ရမည်။