Numbers 35
35:1 တစ်ဖန် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ ထာဝရဘုရားက မောရှေအား
35:2 “အစ္စရေးအမျိုးသားတို့သည် မိမိတို့ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့အား နေထိုင်စရာမြို့တို့ကိုလည်းကောင်း၊ ထိုမြို့တို့၏ပတ်ပတ်လည်ရှိ စားကျက်မြေတို့ကိုလည်းကောင်း ပေးရမည်ဟု ဆင့်ဆိုလော့။
35:3 ထိုမြို့တို့သည် လေဝိအမျိုးတို့အတွက် နေထိုင်စရာဖြစ်ပြီး စားကျက်မြေတို့သည်လည်း သူတို့၏သိုးနွားတိရစ္ဆာန်အားလုံးတို့အတွက် ဖြစ်ရမည်။
35:4 လေဝိအမျိုးတို့အား သင်တို့ပေးရမည့်မြို့၏စားကျက်မြေသည် မြို့ရိုးအပြင်ဘက် အတောင်တစ်ထောင် ပတ်ပတ်လည်ရှိရမည်။
35:5 သင်တို့သည် မြို့ကိုအလယ်ဗဟိုထား၍ မြို့ပြင် အရှေ့ဘက်ခြမ်းကို အတောင်နှစ်ထောင် ၊ တောင်ဘက်ခြမ်းကို အတောင်နှစ်ထောင်၊ အနောက်ဘက်ခြမ်းကို အတောင်နှစ်ထောင်၊ မြောက်ဘက်ခြမ်းကို အတောင်နှစ်ထောင် တိုင်းတာရမည်။ ဤမြေသည် လေဝိအမျိုးတို့အတွက် မြို့၏စားကျက်မြေဖြစ်ရမည်။
35:6 လေဝိအမျိုးတို့အား သင်တို့ပေးရမည့်မြို့များမှာ လူသတ်မိသောသူ ထွက်ပြေးပြီး ခိုလှုံနိုင်သောမြို့ခြောက်မြို့အပြင် မြို့လေးဆယ့်နှစ်မြို့ ပေးရမည်။
35:7 လေဝိအမျိုးတို့အား သင်တို့ပေးရမည့်မြို့စုစုပေါင်းမှာ လေးဆယ့်ရှစ်မြို့နှင့် ထိုမြို့တို့၏စားကျက်မြေများ ဖြစ်၏။
35:8 သင်တို့ပေးသောမြို့များသည် အစ္စရေးအမျိုးသားတို့ပိုင်ဆိုင်ရာမြေထဲမှ ဖြစ်ရမည်။ ပိုင်ဆိုင်ရာမြေများလျှင် များသည့်အလျောက်၊ နည်းလျှင် နည်းသည့်အလျောက် အသီးသီးရရှိသောအမွေပမာဏနှင့်အညီ လေဝိအမျိုးတို့အား မြို့များကို ပေးရမည်”ဟု မိန့်တော်မူ၏။
35:9 တစ်ဖန် ထာဝရဘုရားက မောရှေအား
35:10 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် ဂျော်ဒန်မြစ်ကို ကူး၍ ခါနာန်ပြည်သို့ရောက်သောအခါ
35:11 မရည်ရွယ်ဘဲလူကိုသတ်မိသောလူသတ်သမားတို့ ထွက်ပြေးပြီး ခိုလှုံနိုင်သောမြို့တို့ကို သင်တို့ ရွေးချယ်ရမည်။
35:12 လူသတ်မိသောသူသည် လူထုရှေ့၌ရပ်၍တရားစီရင်ခြင်းမခံရမီ အသတ်မခံရမည့်အကြောင်း လက်စားချေသူ၏လက်မှလွတ်မြောက်ရန်အတွက် ထိုမြို့တို့သည် ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
35:13 သင်တို့ပေးသောမြို့တို့တွင် မြို့ခြောက်မြို့သည် သင်တို့ ခိုလှုံရာမြို့ဖြစ်ရမည်။
35:14 ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့ပေးသောမြို့သုံးမြို့၊ ခါနာန်ပြည်၌ သင်တို့ပေးသောမြို့သုံးမြို့သည် ခိုလှုံရာမြို့ဖြစ်ရမည်။
35:15 ထိုမြို့ခြောက်မြို့သည် အစ္စရေးအမျိုးသားဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ၊ သူတို့၏ဧည့်သည်ဖြစ်စေ မရည်ရွယ်ဘဲလူသတ်မိသောသူမည်သူမဆို ထွက်ပြေးပြီး သွားရောက်ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
35:16 သံထည်ပစ္စည်းဖြင့် ရိုက်၍လူသေသွားလျှင် ရိုက်သောသူသည် လူသတ်သောသူဖြစ်၏။ လူသတ်သောသူသည် မုချအသတ်ခံရမည်။
35:17 သေစေနိုင်သောကျောက်တုံးဖြင့် ထု၍လူသေသွားလျှင် ထုသောသူသည် လူသတ်သောသူဖြစ်၏။ လူသတ်သောသူသည် မုချအသတ်ခံရမည်။
35:18 သေစေနိုင်သောသစ်သားတုတ်ဖြင့် ရိုက်၍လူသေသွားလျှင် ရိုက်သောသူသည် လူသတ်သောသူဖြစ်၏။ လူသတ်သောသူသည် မုချအသတ်ခံရမည်။
35:19 သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။
35:20 မုန်းတီးစိတ်ကြောင့် လူကိုတွန်းချ၍ဖြစ်စေ၊ ချောင်းမြောင်းလျက် တစ်စုံတစ်ရာဖြင့် လူကိုပစ်၍ဖြစ်စေ ထိုလူသေသွားလျှင်လည်းကောင်း၊
35:21 ရန်ငြိုးထား၍ လက်သီးနှင့်ထိုးသဖြင့် လူသေသွားလျှင်လည်းကောင်း ထိုသို့ပြုသောသူသည် မုချအသတ်ခံရမည်။ ထိုသူသည် လူသတ်သောသူဖြစ်၏။ သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကို တွေ့လျှင် သတ်ရမည်။
35:22 ရန်ငြိုးမရှိဘဲ လူကိုအမှတ်မထင်တွန်းချမိ၍ဖြစ်စေ၊ မချောင်းမြောင်းဘဲ ပစ္စည်းတစ်ခုခုဖြင့် ပစ်မိ၍ဖြစ်စေ၊
35:23 မိမိ၏ရန်သူမဟုတ်၊ အန္တရာယ်ပြုရန်လည်းမရည်ရွယ်ဘဲ မမြင်သဖြင့် သေစေနိုင်သောကျောက်တုံးတစ်တုံးတုံးဖြင့်ပစ်မိ၍ဖြစ်စေ ထိုလူသေသွားလျှင်
35:24 လူထုသည် လူသတ်မိသောသူနှင့် သွေးကြွေးအတွက်လက်စားချေပေးသောသူအကြား၌ ဤစီရင်ထုံးဖွဲ့ချက်များအတိုင်း တရားစီရင်ရမည်။
35:25 လူသတ်မိသောသူကို သွေးကြွေးအတွက်လက်စားချေပေးသောသူလက်မှကယ်နုတ်ရမည်။ သူထွက်ပြေးပြီး သွားရောက်ခိုလှုံခဲ့သောမြို့သို့ သူ့ကိုပြန်ပို့ရမည်။ သန့်ရှင်းသောဆီဖြင့်ဘိသိက်ခံယဇ်ပုရောဟိတ်မင်း ကွယ်လွန်သည့်တိုင်အောင် သူသည် ထိုမြို့၌နေရမည်။
35:26 လူသတ်မိသောသူသည် ထွက်ပြေးပြီး သွားရောက်ခိုလှုံနေသောမြို့၏နယ်နိမိတ်အပြင်ဘက်သို့ ထွက်သွားသဖြင့်
35:27 သွေးကြွေးအတွက်လက်စားချေပေးသောသူသည် သူ့ကို ခိုလှုံရာမြို့၏နယ်နိမိတ်အပြင်ဘက်၌ တွေ့၍ သူ့ကို သတ်လျှင် သွေးကြွေးအတွက်လက်စားချေပေးသောသူ၌ လူကိုသတ်သောအပြစ်မရှိ။
35:28 သူသည် ယဇ်ပုရောဟိတ်မင်းကွယ်လွန်သည့်တိုင်အောင် ခိုလှုံရာမြို့၌ နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းကွယ်လွန်ပြီးမှ မိမိပိုင်ဆိုင်ရာမြေသို့ပြန်လာခွင့်ရှိ၏။
35:29 ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏။
35:30 လူကိုသတ်သော လူသတ်သမားတိုင်း သက်သေ၏ထွက်ဆိုချက်အတိုင်း အသတ်ခံရမည်။ သို့ရာတွင် ထိုသူသည် သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် သေဒဏ်မခံရ။
35:31 သေဒဏ်ခံထိုက်သည့်အပြစ်ရှိသောလူသတ်သမားသည် မုချအသတ်ခံရမည်ဖြစ်သောကြောင့် သူ၏အသက်အတွက် ရွေးနုတ်စရာအဖိုးအခကို မခံယူရ။
35:32 ခိုလှုံရာမြို့သို့ထွက်ပြေးသောသူသည် ယဇ်ပုရောဟိတ်မကွယ်လွန်မီ မိမိနေရပ်သို့ ပြန်သွား၍ နေထိုင်နိုင်ရန် သူ့ထံမှ ရွေးနုတ်စရာအဖိုးအခကို မခံယူရ။
35:33 သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
35:34 ငါထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အလယ်၌ကိန်းဝပ်သည်ဖြစ်၍ ငါကိန်းဝပ်ရာဖြစ်သည့် သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ”ဟု မိန့်တော်မူ၏။